သိမ်းဆည်းယာမြေများအတွင်း ဝင်ရောက်ထွန်ယက်ခဲ့မှုနှင့် ပတ်သက်၍ ပြင်ဦးလွင်ဒေသခံတောင်သူ ၅၀ ကျော် ထပ်မံအမှုဖွင့်ခံထားရ

သိမ်းဆည်းယာမြေများအတွင်း ဝင်ရောက်ထွန်ယက်ခဲ့မှုနှင့် ပတ်သက်၍ ပြင်ဦးလွင်ဒေသခံတောင်သူ ၅၀ ကျော် ထပ်မံအမှုဖွင့်ခံထားရ
Published 22 August 2017

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တွင် သိမ်းဆည်းခံယာမြေများ ပြန်လည်ရရှိရေး ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့မှုနှင့်ပတ်သက်၍ စေတလုံးကျေးရွာမှ ဒေသခံတောင်သူ ၅၈ ဦးတို့ကို ကော်ဖီခြံစီမံကိန်းတာဝန်ခံ နှစ်ဦးတို့က တရားလိုပြုလုပ်၍ ရာဇသတ်ကြီး ဥပေဒပုဒ်မ ၄၄၇၊ မြေလွတ်မြေရိုင်း ဥပဒေပုဒ်မ ၂၆၊ ၂၇ တို့ဖြင့် အမှုဖွင့်တရားစွဲဆိုထားပြီး အမှုရုံးချိန်းကို သြဂုတ် ၂၈ ရက်တွင် ပြင်ဦးလွင်မြို့နယ်တရားရုံးက ချိန်းဆိုထားကြောင်း ဒေသခံတောင်သူများထံမှ စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ပြင်ဦးလွင်မြို့နယ် စေတလုံးကျေးရွာရှိ ကွင်းအမှတ် (၆၉၀) မှ ဒေသခံတောင်သူများ လုပ်ကိုင်ခဲ့ကြသည့် ယာမြေ ဧက ၁၀၀၀ ကျော်ခန့်အား ၁၉၉၆ ခုနှစ်ခန့်က ကော်ဖီစီမံကိန်း ပြုလုပ်မည်ဟုဆိုကာ သိမ်းဆည်းခံခဲ့ရကြောင်း၊ ယင်းသို့သိမ်းဆည်းခံခဲ့ရပြီးနောက် ဒေသခံတောင်သူများမှာ စီမံကိန်းမပြုလုပ်ဘဲ လစ်လပ်လျက်ရှိသည့် ယာမြေများအတွင်းသို့ ရာသီပေါ်သီးနှံများ စိုက်ပျိုးထွန်ယက်ခဲ့ကြကြောင်း၊ ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်းက သိမ်းဆည်းယာမြေများပေါ်တွင် ဝင်ရောက်ထွန်ယက်ခဲ့မှုနှင့် ပတ်သက်၍ ကော်ဖီစီမံကိန်း တာဝန်ခံနှစ်ဦးက ယင်းတို့၏ ကော်ဖီစီမံကိန်း ယာမြေဧက ၂၀၀ ကျော်အတွင်း ကျူးကျော်ဝင်ရောက်ခဲ့သည်ဟုဆိုကာ ဒေသခံတောင်သူများအား အမှုဖွင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။

“ကျွန်တော်တို့က ဒီယာမြေတွေထဲမှာ ဘိုးဘွားအစဉ်အဆက် လုပ်ကိုင်ခဲ့ကြတာပါ။ အခွန်ပေးဆောင်ခဲ့တဲ့ အထောက်အထား စာရွက်တွေလည်းရှိပါတယ်။ ၁၉၉၆ ခုနှစ်ကျော်လောက်မှာ ကော်ဖီစီမံကိန်းလုပ်မယ်ဆိုပြီး သိမ်းဆည်းခံလိုက်ရတယ်။ သိမ်းဆည်းခံရပြီးနောက်မှာ လုပ်ကိုင်ခွင့်မရတော့ဘူး။ ၂၀၁၂ ခုနှစ်မှာ စီမံကိန်းမလုပ်တဲ့ ပိုလျှံမြေတွေ ပြန်ပေးမယ်ဆိုလို့ သက်ဆိုင်ရာဌာနတွေကို စာတင်ပြခဲ့တယ်။ လစ်လပ်နေတဲ့နေရာတွေမှာ ပြန်ပြီးထွန်ယက်ကြတယ်။ ၂၀၁၆ မှာတော့ လစ်လပ်နေတဲ့ နေရာတွေအကုန်လုံးကို ဝင်ပြီးထွန်ယက်ကြတယ်။ အဲဒါကို အခုတရားစွဲတယ်လို့ သိရတယ်။ ပုဒ်မတွေက ကျုးကျော်တယ်ဆိုတဲ့ ၄၄၇ ပုဒ်မနဲ့ မြေလွတ် မြေရိုင်းဥပဒေနဲ့လည်းစွဲတယ်။ ကျွန်တော်ကတော့ အမှုနှစ်ခုထဲမှာ ထည့်အစွဲခံထားရတယ်” ဟု ပြင်ဦးလွင်မြို့နယ် စေတလုံးကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ အမှုဖွင့်တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ သြဂုတ် ၁၆ ရက်က ပြင်ဦးလွင်မြို့နယ်တရားရုံးတွင် ပထမအကြိမ် ချိန်းဆိုခဲ့သည့်ရုံးချိန်းတွင် ကော်ဖီစီမံကိန်းတာဝန်ခံက မြေလွတ်မြေရိုင်း ဥပဒေပုဒ်မ ၂၆၊ ၂၇ တို့ဖြင့် စွဲဆိုထားသော အမှုနှင့်ပတ်သက်၍ ဒေသခံတောင်သူ ၁၈ ဦးတို့ ရုံးရှေ့သို့ရောက်ရှိခဲ့ကာ အာမခံလျှောက်ထားခဲ့ပြီးနောက် မြို့နယ်တရားရုံးက အာမခံပေးခဲ့ကြောင်း သိရသည်။ ဒေသခံတောင်သူများအား မြေလွတ် မြေရိုင်းဥပဒေပုဒ်မများဖြင့် တရားစွဲဆိုထားသည့်အပြင် တရားလိုတစ်ဦးမှလည်း ကော်ဖီစီမံကိန်းအတွင်း ဝင်ရောက်ထွန်ယက်မှုနှင့် ပတ်သက်၍ ဒေသခံတောင်သူ ၃၀ ကျော်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၄၇ ဖြင့် အမှုဖွင့် တရားစွဲဆိုထားကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ်မှာ မြေယာပြဿနာ အများဆုံးဖြစ်ပွားလျက်ရှိသည့် မြို့နယ်များအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ဒေသခံတောင်သူများ၏ ယာမြေများကို တပ်၊ ဌာနဆိုင်ရာနှင့် ပုဂ္ဂလိကကုမ္ပဏီများက သိမ်းယူခြင်း တစ်ဆင့်ပြန်လည် ဝယ်ယူထားခြင်းများ ရှိနေပြီး ဒေသခံတောင်သူများက ယင်းတို့၏ သိမ်းဆည်းခံ ယာမြေများပြန်လည်ရရှိရေးအတွက် လစ်လပ်လျက်ရှိသည့် ယာမြေများအတွင်းသို့ ဝင်ရောက်ထွန်ယက်ခဲ့ကြရာမှတစ်ဆင့် အမှုဖွင့် တရားစွဲဆိုမှုများ ဖြစ်ပေါ်လာခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်တွင် ပြင်ဦးလွင် မြို့နယ်အတွင်းမှ ဒေသခံတောင်သူဦးရေ ၇၀ ကျော်မှာ အမှုရင်ဆိုင်နေရပြီး ဒေသခံ တောင်သူ ၁၀ ဦးခန့်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အမှုရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။

Most Read

Most Recent