ဧရာဝတီတိုင်းအတွင်းရှိ ကြိုးတံတား ခြောက်စင်း ကြံ့ခိုင်မှု နည်းလာသောကြောင့် ဖြတ်သန်းသွားလာခွင့်တန်ချိန်များ လျှော့ချသတ်မှတ်

ဧရာဝတီတိုင်းအတွင်းရှိ ကြိုးတံတား ခြောက်စင်း ကြံ့ခိုင်မှု နည်းလာသောကြောင့် ဖြတ်သန်းသွားလာခွင့်တန်ချိန်များ လျှော့ချသတ်မှတ်
Published 7 June 2018

ကြံ့ခိုင်မှု အဆင့်သတ်မှတ်ချက် အနိမ့်ဆုံးသို့ ရောက်ရှိနေသော ရွှေလောင်းကြိုးတံတားကို တွေ့ရစဉ်

မြောင်းမြကြိုးတံတားပျက်ကျပြီးနောက် ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျန်ရှိနေသေးသည့် ပုသိမ်ကြိုးတံတား၊ ပမ္မဝတီ (မြင်းကဆိပ်) ကြိုးတံတား၊ ရွှေလောင်းကြိုးတံတား၊ ဝါးခယ်မကြိုးတံတား၊ ကျွန်းကုန်းကြိုးတံတား၊ လပွတ္တာ (ပင်လယ်လေး) ကြိုးတံတားများ တံတားအထူးအဖွဲ့များနှင့် ဂျပန်ပညာရှင်များ ပူးပေါင်း၍ ကြံ့ခိုင်မှုများ စစ်ဆေးရာတွင် ကြံ့ခိုင်များအားနည်းပါးလာသောကြောင့် တံတားခြောက်စင်းလုံးအား သတ်မှတ်ထားသည့် ခွင့်ပြုတန်ချိန် အသီးသီးမှ တန်ချိန်လျှော့ချ ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း သတင်းရရှိသည်။

တံတားအထူးအဖွဲ့များနှင့် ဂျပန်နိုင်ငံမှ ပညာရှင်များ ပူးပေါင်းစစ်ဆေးမှု ရလဒ်များအရ ကြံ့ခိုင်မှုအားနည်းလာနေသည့် လပွတ္တာ (ပင်လယ်လေး) တံတားအား ယခင် ခွင့်ပြုတန်ချိန် ၂၀ တန်မှ ၁၄ သို့လည်းကောင်း၊ ရွှေလောင်းတံတားအား ယခင်ခွင့်ပြုတန်ချိန် ၁၈ တန်မှ ၁၀ တန်သို့ လည်းကောင်း၊ ဝါးခယ်မတံတားအား ယခင်ခွင့်ပြုတန်ချိန် တန် ၂၀ မှ ၁၄ တန်သို့လည်းကောင်း၊ ပုသိမ်တံတားအား ယခင်ခွင့်ပြုတန်ချိန် ၃၆ တန်မှ တန် ၂၀ သို့လည်းကောင်း၊ ပမ္မဝတီတံတား (မြင်းကဆိပ်) အား ယခင်ခွင့်ပြုတန်ချိန် ၂၀ တန်မှ ၁၆ တန်သို့လည်းကောင်း၊ ကျွန်းကုန်းတံတားအား ယခင်ခွင့်ပြုတန်ချိန် ၁၆ တန်မှ ၁၃ တန်သို့လည်းကောင်း တန်ချိန်အသီးသီး လျော့ချသတ်မှတ်ခဲ့ကြောင်း၊ သတ်မှတ်ထားသည့် တန်ချိန်များအတိုင်း မော်တော်ယာဉ်များ ဖြတ်သန်းသွားလာရေးအတွက်လည်း စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်နေပြီး၊ ကြံ့ခိုင်မှုအဆင့် အနိမ့်ဆုံးအဆင့်ဖြစ်သည့် အဆင့်(၅)သို့ ရောက်ရှိနေသော ရွှေလောင်းတံတားတွင်မူ လုံခြုံရေးများချထားတာ စောင့်ကြည့်နေလျက်ရှိကြောင်း သိရသည်။

“ကြိုးတံတားတွေကို တံတားအထူးအဖွဲ့တွေကနေပြီးတော့ စစ်ဆေးပါတယ်၊ ကြိုးတံတားတွေဆိုရင် ကျွန်တော်တို့တိုင်းထဲမှာ ခြောက်စင်းရှိတာပေါ့။ အဲဒီတံတားတွေကို တံတားအထူးအဖွဲ့တွေရယ် ဂျပန်ကျွမ်းကျင် ပညာရှင်တွေရယ် စိစစ်ပြီးတဲ့အခါမှာ ကြံ့ခိုင်မှုအရ မူလသတ်မှတ်တဲ့ တန်ချိန်လည်းလျှော့တာ ရှိပါတယ်၊ လပွတ္တာပင်လယ်လေးတံတားဆိုလို့ရှိရင် အရင်တုန်းက တန် ၂၀ သတ်မှတ်ထားတာ၊ ရွှေလောင်း၊ ဝါးခယ်မ၊ ပမ္မဝတီတံတား (မြင်းကဆိပ်)၊ ကျွန်းကုန်းတံတား အဲဒါတွေဆိုရင် ကျွန်တော်တို့က တန်ချိန် ၂၀ တွေ သတ်မှတ်ထားတာပေါ့၊ ပုသိမ်တံတားဆိုရင် ၃၆ တန် သတ်မှတ်ထားတာ၊ ပြန်စိစစ်ပြီးတဲ့ အခါမှာတော့ ကျွန်တော်တို့က လပွတ္တာ (ပင်လယ်လေး) ဆိုရင် ၁၄ တန်၊ ရွှေလောင်းတံတားဆိုရင် ၁၀တန်၊ ဝါးခယ်မတံတားဆိုရင် ၁၄ တန်၊ လောလောဆယ် ပုသိမ်တံတားကတော့ တန် ၂၀ ဖြစ်ပြီးတော့၊ ပမ္ပဝတီ (မြင်းကဆိပ်) က ၁၆ တန်၊ ကျွန်းကုန်းတံတားက ၁၃ တန်ပဲ ခွင့်ပြုတော့တာပေါ့။ ဒါကိုလည်း ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအမံနဲ့ တိုင်းဦးစီးကနေပြီးတော့ သတ်မှတ်တန်ချိန်တွေကို ပြည်သူထင်သာမြင်သာ ရှိအောင်လို့ ဆိုင်းဘုတ်တွေ ထောင်ထားတယ်၊ မော်တော်ယာဉ် ထိန်းသိမ်းရေးအဖွဲ့တွေကိုလည်း ညွှန်ကြားချက်တွေ ထုတ်ပြီးတော့ ကားနဲ့ လူကုန်ဒါတွေကို တန်ချိန်ထက်မပိုအောင် ကျပ်မတ်နေတယ်၊ လုံခြုံရေးတွေလည်း ချထားပါတယ်၊ အချို့တံတားတွေဆို လူဆင်းပြီး လျှောက်ခိုင်းတာပါ ရှိပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ လမ်းပန်းနှင့် စက်မှုဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။

ဧပြီ ၁ ရက် နံနက်ပိုင်းတွင် မြောင်းမြကြိုး တံတားကြီး ပျက်ကျခဲ့ပြီးနောက် ပြည်သူနှစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး မြန်မာနိုင်ငံတွင် ကျန်ရှိနေသေးသည့် ကြိုးတံတားပေါင်း ၂၉ စင်း၏ ကြံ့ခိုင်မှုကို ပြည်သူများမှ စိုးရိမ်ပူပန်မှုများလည်း ရှိနေကြောင်း သိရသည်။

Most Read

Most Recent