ညောင်လေးပင်မြို့ အ.ထ.က (၁) ကျောင်းအတွင်း နဝမတန်းကျောင်းသား အချင်းချင်း ဓားထိုးမှုဖြစ်ကာ ကျောင်းသားတစ်ဦး ဒဏ်ရာရရှိပြီး ဆေးရုံတင်ပို့ ကုသလျက်ရှိ

ညောင်လေးပင်မြို့ အ.ထ.က (၁) ကျောင်းအတွင်း နဝမတန်းကျောင်းသား အချင်းချင်း ဓားထိုးမှုဖြစ်ကာ ကျောင်းသားတစ်ဦး ဒဏ်ရာရရှိပြီး ဆေးရုံတင်ပို့ ကုသလျက်ရှိ
Published 7 June 2018

ဓားထိုးခံရသော မောင်နိုင်လင်းအောင်အား ညောင်လေးပင်ဆေးရုံမှ ပဲခူးဆေးရုံသို့ ပို့ဆောင်နေသည်ကို ဇွန် ၆ ရက်က တွေ့ရစဉ်

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၁) ကျောင်းဝင်းအတွင်း၌ ဇွန် ၆ ရက် နံနက်ပိုင်းက နဝမတန်းကျောင်းသား အချင်းချင်း ဓားထိုးမှုဖြစ်ပွား၍ ကျောင်းသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိကာ ဆေးကုသမှုခံယူနေရကြောင်း ညောင်လေးပင်မြို့မရဲစခန်းမှ သိရသည်။

ကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ညောင်လေးပင်မြို့မ ရဲစခန်းမှူး ဒုရဲမှူးဌေးဝင်းက “ဓားထိုးမှုဖြစ်တာဟုတ်ပါတယ်၊ အကြမ်းဖျင်းသိရတာကတော့ ကျောင်းသားအချင်းချင်းပါပဲခင်ဗျာ၊ ကျောင်းသား E ခန်း၊ F ခန်းက ကောင်လေးနဲ့ မနေ့ကတော့ သူတို့ ကလေးသဘာ၀ စကားများကြတာ၊ အဲဒါနဲ့ ဒီနေ့ကျတော့ သူကအငြှိုးအတေးလေးထားမှာပေါ့၊ အိမ်ကနေပြီးတော့ ဓားယူလာခဲ့တယ်၊ ဓားယူလာပြီးတော့ အိမ်သာသွားတဲ့လမ်းမှာ ထိုးလိုက်တာပေါ့လေ၊ အဲဒါဘယ်ဘက်နံရိုး ထိသွားတာပေါ့၊ နံရိုးထိသွားတော့ လောလောဆယ်တော့ ညောင်လေးပင်ဆေးရုံမှာပဲ အော်ပရေးရှင်းလေး လုပ်နေပါတယ် ခင်ဗျ၊ အခုလောလောဆယ် ပြစ်မှုကျူးလွန်တဲ့ကလေးဆီက ဓားတို့ဘာတို့ ကျွန်တော်တို့ သိမ်းဆည်းထားတာပေါ့လေ၊ သူတို့ကာကံရှင်က အမှုဖွင့်ဖို့ ရှိ မရှိလည်း လုပ်ကြတုန်းဗျ၊ သူတို့မိဘတွေအချင်းချင်းလေ၊ တကယ်လို့ အမှုဖွင့်ဆိုရင်လည်း ကျွန်တော်တို့ ဖွင့်ပေးရမှာပေါ့ ခင်ဗျာ” ဟု နံနက် ၁၀ နာရီခွဲခန့်က ပြောကြားသည်။

ဖြစ်စဉ်မှာ ဇွန် ၅ ရက် ညနေ ၃ နာရီခွဲခန့်က ညောင်လေးပင်မြို့၊ မြို့မ (၂) ရပ်ကွက်ရှိ အ.ထ.က (၁) ကျောင်း၏ ကျောင်းဆင်းချိန်၌ နဝမတန်း (E) အခန်းမှ မောင်နိုင်လင်းအောင် (၁၅ နှစ်)(ဘ) ဦးဌေးလွင် (ခ) ဦးဘာဘူနှင့် တစ်ကျောင်းတည်းအတူ တက်ရောက်နေသော နဝမတန်း (F) အခန်းမှ မောင်ဟိန်းထက်ဝင်း (၁၆ နှစ်) (ဘ) ဦးဝင်းဇော်တို့မှာ စကားများရန်ဖြစ်ခဲ့ကြကြောင်း သိရသည်။ ထိုကဲ့သို့ စကားများရန်ဖြစ်ခဲ့ကြသည်ကို မကျေမနပ်ဖြစ်ကာ ဇွန် ၆ ရက်၌ ကျောင်းတက်လာကြစဉ် နံနက် ၈ နာရီခန့်တွင် ကျောင်းဝင်းအတွင်းရှိ အိမ်သာသို့သွားသည့်လမ်းတွင် မောင်ဟိန်းထက်ဝင်းမှ အသင့်ပါလာသော အရိုးသုံးလက်မခန့်၊ အသွား ၆ ဒသမ ၅ လက်မခန့်ရှိ၊ တိပ်အနက်ရောင်ပတ်ထားပြီး ဝါးဓားအိမ်တပ်ထားသည့် ဓားမြှောင်ဖြင့် မောင်နိုင်လင်းအောင်အား ထိုးခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ဓားဖြင့် ထိုးခံရသဖြင့် မောင်နိုင်လင်းအောင်၏ ဝဲဘက်ရင်ညွန့်အောက်တွင် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ယာဘက်ပေါင်တွင် ထိုးသွင်းဒဏ်ရာတစ်ချက် (စိုးရိမ်ရဒဏ်ရာ) တို့ ရရှိခဲ့ရာ နံနက် ၉ နာရီခန့်၌ ညောင်လေးပင် ဆေးရုံသို့ ပို့ဆောင်ကုသစေခဲ့ကြောင်း၊ ညောင်လေးပင်ဆေးရုံတွင် ဆေးကုသမှုခံယူစဉ် ဒဏ်ရာပြင်းထန်သောကြောင့် နံနက် ၁၀ နာရီခွဲခန့်၌ လူနာတင်ယာဉ်ဖြင့် ညောင်လေးပင်ဆေးရုံမှ ပဲခူးဆေးရုံကြီးသို့ ထပ်မံလွှဲပြောင်း ကုသထားခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး မောင်နိုင်လင်းအောင်၏ မိခင်ဖြစ်သူ ဒေါ်သီတာထွေးက တရားလိုလုပ်ကာ ဓားဖြင့်ထိုးသူ မောင်ဟိန်းထက်ဝင်းအား ဥပဒေအရ အရေးယူပေးရန် အမှုဖွင့် တိုင်တန်းခဲ့သဖြင့် ညောင်လေးပင်မြို့မရဲစခန်းမှ (ပ)၂၆၉/၂၀၁၈၊ ပြစ်မှုပုဒ်မ ၃၂၆ အရ ကနဦး အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

Most Read

Most Recent