ရွှေနန်းတော်ကျောင်း ပြုပြင်ထိန်းသိမ်းမှုနှင့် ပတ်သက်၍ ရှေးဟောင်းသုတေသနဌာနနှင့် WMF တို့အကြား သဘောထားကွဲလွဲနေမှု ညှိနှိုင်းဆွေးနွေးခဲ့ပြီး ပြုပြင်ထိန်းသိမ်းမှုများ ဆက်လက်လုပ်ဆောင်မည်

ရွှေနန်းတော်ကျောင်း ပြုပြင်ထိန်းသိမ်းမှုနှင့် ပတ်သက်၍ ရှေးဟောင်းသုတေသနဌာနနှင့် WMF တို့အကြား သဘောထားကွဲလွဲနေမှု ညှိနှိုင်းဆွေးနွေးခဲ့ပြီး ပြုပြင်ထိန်းသိမ်းမှုများ ဆက်လက်လုပ်ဆောင်မည်
Published 7 June 2018

ရွှေနန်းတော်ကျောင်းကို တွေ့ရစဉ်

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ ရတနာပုံခေတ်နှောင်းပိုင်း လက်ရာတစ်ခုဖြစ်သည့် ရွှေနန်းတော်ကျောင်း မူလလက်ရာမပျက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဒုတိယပိုင်းစီမံကိန်း ပြန်လည်စတင်ပြုလုပ်ရာတွင် ရှေးဟောင်းသုတေသနဦးစီးဌာနနှင့် WMF (ကမ္ဘာ့အဆောက်အအုံများ ရန်ပုံငွေအဖွဲ့) တို့အကြား ဆွေးနွေးလုပ်ဆောင်ရာတွင် ညှိနှိုင်းမှု အားနည်းခြင်းနှင့် သဘောထားကွဲလွဲခြင်းတို့ကြောင့် လုပ်ငန်းပိုင်းဆိုင်ရာ ကြန့်ကြာခဲ့မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ အပါအဝင် ရှေးဟောင်းဌာန၊ WMF တို့အကြား လုပ်ငန်းပိုင်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှု အဆင်ပြေခဲ့ကြောင်း လက်ရှိတွင် ပြုပြင်ထိန်းသိမ်းမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း WMF မှ Program Director Mr. Jeffery Allen က ပြောကြားသည်။

“ပြုပြင်ထိန်းသိမ်းမှု အပိုင်းတွေအားလုံးဟာ နိုင်ငံတကာအဆင့်မီ ထိန်းသိမ်းတာဖြစ်သလို ကုန်းဘောင်ခေတ်က မူလလက်ရာအတိုင်း ပြုပြင်ထိန်းသိမ်းနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ လုပ်ငန်းတွေကတော့ လက်ရှိမှာ ကျောင်းဆောင်ရဲ့ တောင်ဘက်အခြမ်းကို ပြုပြင်ထိန်းသိမ်းနေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ ကျွန်တော်တို့ ရွှေနန်းတော်ကျောင်းနဲ့ ပတ်သက်တဲ့ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ အခြေအနေ ကောင်းပါတယ်။ အရင်ကတော့ ရှေးဟောင်းဌာနနဲ့ ကျွန်တော်တို့ နားလည်မှု လွဲခဲ့တာလေးတွေ ရှိခဲ့တယ်။ အခုတော့ ညှိနှိုင်းဆွေးနွေး အဆင်ပြေသွားပါပြီ။ ကျွန်တော်အားရပါတယ်။ ကျွန်တော်တို့လုပ်ဆောင်မယ့် လုပ်ငန်းတွေလည်း ဆွေးနွေးညှိနှိုင်းပြီးတော့ အရင်ဆုံး ပြုပြင်သင့်တဲ့အပိုင်းတွေကို သူတို့ကို ထပ်ပြီး တင်ပြခဲ့ပါတယ်။ ရွှေနန်းတော်ကျောင်းဟာ တိုင်းဒေသကြီးအစိုးရက ပိုင်ဆိုင်သလို မြန်မာပြည်သူလူထုတွေ ပိုင်ဆိုင်တဲ့အရာ ဖြစ်ပါတယ်။ ပြုပြင်ထိန်းသိမ်းမှုတွေကတော့ ကုန်းဘောင်ခေတ်က မူလလက်ရာအတိုင်း ပြုပြင်ထိန်းသိမ်းသွားမှာပါ” ဟု World Monuments Fund ၏ Program Director Mr. Jeffery Allen က ပြောကြားသည်။

ရှေးဟောင်းသုတေသန ဦးစီးဌာနဘက်က မူလကျွန်းတိုင်များကို အစားထိုး လဲလှယ်ရာတွင် အသုံးပြုသင့်သည့် ကျွန်းတိုင်လုံး အဟောင်းများကို မူလလက်ရာမပျက် ပြုပြင်ထိန်းသိမ်းရန် ဆွေးနွေးထားပြီး WMF ဘက်ကမူ ရေရှည်ခိုင်ခံ့မှုအတွက် ကျွန်းတိုင်အသစ် ပြန်လည်လဲလှယ်၍ မူလလက်ရာမပျက် ပြုပြင်ထိန်းသိမ်းမှု ပြုလုပ်မည့်အပေါ် သဘောထား ကွဲလွဲမှုဖြစ်ပေါ်နေခြင်းကြောင့် ပြီးခဲ့သည့် မတ် ၅ ရက်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် လုပ်ငန်းကြီးကြပ်ရေး ကော်မတီအဖွဲ့၊ မြန်မာမှုပညာရှင်များနှင့် ထပ်မံ၍ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာတွင် WMF ဘက်က အဓိကတာဝန်ရှိသူ မတက်ရောက်ခြင်းအပေါ် ဝေဖန်ပြောဆိုခဲ့ကြသည်။ ထိုသို့ ဝေဖန်မှုအပေါ် Program Director Mr. Jeffery Allen က ၎င်းမရှိသည့်အချိန်တွင် အချိန်ကိုက် ပြုလုပ်သွားသလို ဖြစ်သွားကြောင်း ပြန်လည်ပြောဆိုခဲ့သည်။

“အခု ဖြစ်နေကြတာတွေက ညှိနှိုင်းဆွေးနွေးမှု အားနည်းလို့ ဖြစ်နေကြတာ။ ရှေးဟောင်းဌာနကလည်း သူ့ရဲ့ မူလလက်ရာမပျက်အတိုင်း ပြုပြင်ထိန်းသိမ်းချင်တယ်။ ဒီဘက်ကလဲ ရေရှည်ခိုင်ခံ့ဖို့အတွက် သစ်အစားထိုး ပြုပြင်ထိန်းသိမ်းချင်တယ်။ နှစ်ဖက် ညှိနှိုင်းကြတဲ့နေရာမှာ အဖြေကမထွက်ဘူး။ အခုတော့ ပြည်ထောင်စုဝန်ကြီးဘက်ကလည်း ကျွန်တော်တို့ကော်မတီကို အာဏာကုန်လွှဲအပ်ပေးလိုက်ပါပြီ။ WMF အနေနဲ့ကလည်း ကျွန်တော်တို့ဆီကို အခုလိုပညာရပ်ပိုင်းဆိုင်ရာတွေနဲ့လာပြီး အကူညီပေးနေတာ ကျေးဇူးတင်ပါတယ်။ နောက်တစ်ခုက လုပ်ငန်းတွေ အဆင်မပြေလို့ မြန်မာနိုင်ငံကနေ ထွက်သွားရင် ကျွန်တော်တို့တွေအတွက် ထိခိုက်နစ်နာနိုင်ပါတယ်။ နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ထိခိုက်စေနိုင်တယ်။ အခု စီမံကိန်းကလည်း အမေရိကန်နိုင်ငံသံအမတ်ကြီးများရဲ့ ရန်ပုံငွေနဲ့ WMF က လုပ်ငန်းကို တာဝန်ယူ လုပ်ဆောင်တာ ဖြစ်ပါတယ်” ဟု ရွှေနန်းတော်ကျောင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ပြောကြားသည်။

ရွှေနန်းတော်ကျောင်း ပြုပြင်ထိန်းသိမ်းမှု စီမံကိန်းနှင့်ပတ်သက်၍ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီအဖွဲ့၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနအပါအဝင် WMF တို့အကြား လုပ်ငန်းညှိနှိုင်း အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent