မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် ရှမ်း ပြည်နယ် မြောက်ပိုင်းရှိ ကျေးရွာများနှင့် မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေ

မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် ရှမ်း ပြည်နယ် မြောက်ပိုင်းရှိ ကျေးရွာများနှင့် မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေ
Published 6 June 2018

ဓါတ်ပုံ - နမ့်လန်သား

ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ မြို့နယ်အချို့တွင် မိုးသည်းထန်းစွာ ရွာသွန်းနေမှုများကြောင့် တောင်ကျရေများ စီးဆင်းကာ မြို့တွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိနေပြီး ရေကြီးရေလျှံမှု ဖြစ်ပွားပြီး လူနေအိမ် အများအပြား အတွင်းသို့ ရေဝင်ရောက်မှုများ ရှိနေကြောင်း သိရသည်။

ရေကြီးရေလျှံမှုများမှာ နမ့်လန်ကျေးရွာတွင် ဆိုးရွားစွာ ဖြစ်ပေါ်နေပြီး ကျေးရွာ၏ ထက်ဝက်ခန့်ရှိ နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

“ဒီနေ့အခြေအနေကတော့ ပြီးခဲ့တဲ့ နှစ်ရက်သုံးရက်ကထက် ပိုဆိုးနေပါတယ်။ ကျွန်တော်တို့တောင် အိမ်အပြင်ကို ထွက်လို့မရဘူး။ လမ်းပေါ်မှာလည်း ရေတွေပြည့်လျှံနေပါတယ်။ နမ့်လန်ရဲ့အပေါ်ဘက် မက်မွန်ဟိန် ရပ်ကွက်ကတော့ တော်တော်ကို ဆိုးပါတယ်။ လယ်ကွင်းတွေထဲမှာလည်း ရေတွေပြည့်နေပါတယ်။ နမ့်လန်ကျေးရွာရဲ့ တစ်ဝက်လောက်ကို ရေလျှံနေပါတယ်။ စာသင်ကျောင်းတွေဘက်က ရေကြီးရေလျှံတဲ့ထဲ မပါပေမယ့် ကျောင်းကိုတော့ ဘယ်သူမှ သွားလို့မရဘူး ဖြစ်နေပါတယ်” ဟု နမ့်လန်ကျေးရွာမှ ဒေသခံတစ်ဦးဖြစ်သူ စိုင်းခင်မောင်ဦးက ပြောကြားသည်။

နမ့်လန်ကျေးရွာတွင် ဇွန်လ ၁ ရက်နေ့မှ စတင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိနေပြီး ဇွန်လ ၂ ရက်နေ့တွင် တစ်ကြိမ်နှင့် ယခု ဇွန် လ ၆ ရက်နေ့တွင်တစ်ကြိမ် ထပ်မံပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်နေကြောင်း သိရသည်။

“နမ့်လန်ရွာထဲမှာ ရေကြီးတာက မိုးရွာသွန်းလို့ကျတဲ့ ရေပဲ ရှိသေးတယ်။ အိမ်တွေ လမ်းတွေပေါ်ကို ရေတော်တော် ဝင်နေတယ်။ တောင်ကျရေ မလာသေးဘူး။ တောင်ကျရေတွေ ရောက်လာရင် ပိုဆိုးမယ်။ လူအသေအပျောက်တော့ မရှိပါဘူး။ အဖိုးအိုတစ်ယောက်နဲ့ ကလေးတစ်ယောက်တော့ ရေထဲမျောပါသွားလို့ လိုက်ဆယ်ထားရတယ်။ ပျက်စီးဆုံးရှုံးမှုကတော့ များတယ်” ဟု နမ့်လန်ကျေးရွာမှ လူမှုကယ်ဆယ်ရေး လုပ်နေသူ ဦးမျိုးမြင့်က ပြောကြားသည်။

နမ့်လန်ကျေးရွာတွင် ယခင်က ရေကြီးရေလျှံမှုများ ဖြစ်ပွားမှု မရှိသလောက် နည်းပါးခဲ့သော်လည်း ယခုအခါ တောတောင်များ ပြုန်းတီလာမှှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားလာခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

အလားတူ ကျောက်မဲမြို့တွင်လည်း မိုးရွာသွန်းမှုများကြောင့် အမှတ်(၂)ရပ်ကွက်၊ ရန်ကင်းရပ်ပိတောက်လမ်း၊ အောင်ဆန်းလမ်း၊ ပင်လုံလမ်းတစ်လျှောက်ရှိ လမ်းမများပေါ်တွင် ရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး လူနေအိမ်များ အတွင်းသို့လည်း ရေဝင်ရောက်မှုများ ရှိခဲ့သည်။

ကျောက်မဲမြို့အနီးရှိ မန္တလေး-လားရှိး ပြည်ထောင်စုကားလမ်းမကြီး ပေါ်တွင်လည်း တောင်ကျရေများ စီးဆင်းလာမှုကြောင့် လမ်းပေါ်ရေကျော်မှုများ ဖြစ်ပေါ်ကာ ခရီးသည်တင် ယာဉ်များနှင့် ကုန်တင်ယာဉ်များ အလှည့်ကျ ဖြတ်သန်းနေရကြောင်း သိရသည်။

“တောင်ကျရေတွေက ကားလမ်းမကြီးပေါ်ကို အရှိန်နဲ့ စီးဆင်းလာပြီး လမ်းပေါ်ရေကျော်တာပါ။ ကားတွေကိုတော့ အန္တရာယ်မရှိအောင် စနစ်တကျ ဖြတ်သန်းခိုင်းနေပါတယ်။ ကန်တာကား တစ်စီးကတော့ ကားရှောင်ရင်း လမ်းဘေးထိုးကျ သွားပါတယ်။ လူအထိအခိုက်တော့မရှိပါဘူး။ အခုတော့ ပြည်ထောင်စု ကားလမ်းမကြီးပေါ်က ရေကျသွားပါပြီ။” ဟု ကျောက်မဲမြို့ အော်ရီယမ်တယ်ဟိုင်းဝေးမှ ဦးသက်ဆွေက ပြောကြားသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းတွင် ယခုရက်ပိုင်းအတွင်း မိုးများအဆက်မပြတ် ရွာသွန်းနေမှုကြောင့် တောင်ကျရေများ စီးဆင်းကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent