မြန်မာဆိပ်ကမ်းမှ မလေးရှားသို့ ဒေါ်လာ ၁၈ သန်းတန် မူးယစ်ဆေးဝါးများတင်ပို့မှုမှ အဓိက တရားခံဟုဆိုသော မောင်မောင်(ခ) Hj Yassin အား မန္တလေးမြို့အထွက်တွင် ဖမ်းဆီးရမိ

မြန်မာဆိပ်ကမ်းမှ မလေးရှားသို့ ဒေါ်လာ ၁၈ သန်းတန် မူးယစ်ဆေးဝါးများတင်ပို့မှုမှ အဓိက တရားခံဟုဆိုသော မောင်မောင်(ခ) Hj Yassin အား မန္တလေးမြို့အထွက်တွင် ဖမ်းဆီးရမိ
Published 6 June 2018

Photo - မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

မြန်မာဆိပ်ကမ်းမှ မလေးရှားနိုင်ငံသို့ဒေါ်လာ ၁၈ သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ တင်ပို့ မှုတွင် အဓိကတရားခံဟုဆိုသည့် မောင်မောင်(ခ)  Hj Yassin အား မ န္တလေးမြို့အထွက် ၁၆ မိုင် စစ်ဆေးရေးစခန်းတွင်ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဇွန် ၆ရက် နေ့တွင် သတင်းထုတ်ပြန်ချက်အရ သိရသည်။

မလေးရှား နိုင်ငံ အကောက်ခွန်ဦးစီးဌာနမှ စီမရိတ်မြို့ ကုန်လှောင်ရုံ၌ မေလ ၂၂ ရက်တွင်  မလေးရှားနိုင်ငံသား သုံးဦးနှင့် မြန်မာနိုင်ငံသား သုံးဦးတို့နှင့်အတူ (အမေရိကန်ဒေါ်လာ ၁၈ သန်း တန်ဖိုးရှိ) မက်အဖက်တမင်  ၁၁၇၈ ကီလိုဂရမ်နှင့် ဘိန်းဖြူ ၇၅၀ ဂရမ်တို့အား ဖမ်းဆီးရမိမှုမှ အဓိက တရားခံဟု ယူဆရသူအား  ဇွန်လ ၅ ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ ဒီအမှုရဲ့ အဓိကတရားခံလို့ ယူဆရတဲ့ မောင်မောင်(ခ) Hj Yassin ကို မနေ့က ည ၁၀ နာရီခွဲလောက်မှာ ၁၆ မိုင် စစ်ဆေးရေးစခန်းမှာ မူးယစ်ရဲတပ်ဖွဲ့က ပိတ်ဆို့ ဖမ်းဆီးနိုင်ခဲ့ပါတယ်။  ဖမ်းမိခဲ့တဲ့ မောင်မောင်ကိုတော့ ဒီနေ့ မနက်စောပိုင်းမှာ ရန်ကုန်ကို မူးယစ်ရဲတပ်ဖွဲ့နဲ့ ပုသိမ်ကြီးမြို့နယ်ရဲတပ်ဖွဲ့တို့က ဆက်လက် စစ်ဆေးဖို့ခေါ်ဆောင်သွားပါပြီ”  မြန်မာနိုင်ငံရဲတပ်ဖွဲ့က အမည်မဖော်လိုသူ အဆင့်မြင့်ရဲအရာရှိတစ်ဦးက မေ ၆ရက် တွင် ပြောကြားသည်။

အဆိုပါ မြန်မာဆိပ်ကမ်းမှ သယ်ဆောင်သွားပြီး မလေးရှားနိုင်ငံတွင် ဖမ်းဆီးရမိသည့် ဒေါ်လာ ၁၈ သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဇွန် ၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

မူးယစ်ဆေးဝါးများ ဖမ်းဆီးမှုနှင့်ပတ်သက်၍ စိစစ်ခဲ့ရာ ရန်ကုန်မြို့ရှိ Nice Guy Clearence Service Agency မှ ကုန်သေတ္တာအမှတ် (FSCU 9911521) ထဲတွင် စားသောက်ကုန်များဖြင့် မူးယစ်ဆေးဝါးများကို ရောနှောထည့်သွင်း၍ မလေးရှားနိုင်ငံသို့ တင်ပို့ခဲ့ကြောင်း၊ မြန်မာနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်ရန်အတွက် တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ ဖိုးစိန်လမ်း၊ ပထမထပ်၊ အမှတ်/50(A)နေ ရှော်ရိတ်အာမောက်၏ သားမောင်မောင် (ခ) Hj Yassin (၄၄)နှစ် က လာရောက်ဆက်သွယ်မှုအရ U Kaung Trading Co.Ltd မှ တာဝန်ယူ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပြီး မောင်မောင် (ခ) Hj Yassin  နှင့် ပူးပေါင်းပါဝင်သူများအား စုံစမ်းဖော်ထုတ်နိုင်ရေးအတွက် ဇွန် ၂ ရက်တွင် ဆိပ်ကမ်းမြို့မရဲစခန်း၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၂၀(က)/၂၀(ခ)/၂၁ဖြင့် အမှုဖွင့် အရေးယူစုံစမ်းစစ်ဆေးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့နောက် ဇွန် ၂ ရက် နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် ဆက်စပ်တရားခံ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး အဓိကတရားခံ မောင်မောင် (ခ) Hj Yassin သည် မေလ ၃၀ ရက်ကတည်းက TOYOTA  LEXUS ယာဉ်အမှတ် YGN 5L-8088 နှင့်အတူ ထွက်ပြေး တိမ်းရှောင်နေကြောင်း စိစစ်တွေ့ရှိရသဖြင့် ပူးပေါင်းပါဝင်သူများ ဖမ်းဆီးရမိရေးအတွက် စုံစမ်းရှာဖွေခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

Photo - ပြည်ထဲရေးဝန်ကြီးဌာန

ထို့ပြင် ဖမ်းဆီးရမိသည့် တရားခံ၏ ဖော်ထုတ်ပြောပြချက်အရ မောင်မောင် (ခ)Hj Yassin သည် မူးယစ်ဆေးဝါးများအား လှည်းကူးမြို့နယ်ရှိ Nice Guy ရေသန့်စက်ရုံမှတစ်ဆင့် အောက်ပုဇွန်တောင်လမ်းရှိ ဂိုထောင်သို့ 3I – 8917 Bongo Box ယာဉ်ဖြင့် သယ်ဆောင်ခဲ့ပြီး ၎င်းမှတစ်ဆင့် သင်္ဘောတင်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဓိက တရားခံမောင်မောင် (ခ) Hj Yassin ၏နေအိမ်သို့ သွားရောက်စစ်ဆေးရာ နေအိမ်ခန်း မီးခံသေတ္တာအတွင်းမှ ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း (၂၅၀) ခန့်ရှိ လက်ဝတ်ရတနာမျိုးစုံ (၁၉)မျိုး၊ YGN 5L-8088 TOYOTA LEXU ယာဉ်အား ငွေကျပ်သိန်း (၁၀၉၀)ဖြင့် ဝယ်ယူထားသည့် စာချုပ်မူရင်း (၁)စောင်၊ ယာဉ်နှင့် ပတ်သက်သည့် မှတ်ပုံတင်စာအုပ် မူရင်း(၁)အုပ်၊ အာမခံ ပရီမီယမ်မှတ်တမ်း မူရင်းစာအုပ် (၁)အုပ်၊ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း လက်ဝတ်ရတနာများ ဝယ်ယူခဲ့သည့် ပြေစာမူရင်း(၈)စောင်တို့ကို တွေ့ရှိ၍ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထွက်ပြေးတိမ်းရှောင်နေသူ မောင်မောင် (ခ) Hj Yassin မောင်းနှင်သွားသော TOYOTA  LEXUS မော်တော်ယာဉ်အား ဇွန်လ ၃ ရက် ညသန်းခေါင်တွင် တာမွေဂုံးကျော်တံတားအောက်၌တွေ့ရှိသဖြင့် သိမ်းဆည်းနိုင်ခဲ့ပြီး တရားခံ မောင်မောင် (ခ)Hj Yassin နှင့် ပူးပေါင်းပါဝင်သူများမှ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်အသီးသီးတွင် ငွေစာရင်းဖွင့်လှစ်ထားရှိမှုကို ဇွန်လ ၄ ရက်တွင် စုံစမ်းစစ်ဆေးခဲ့ရာ ပုဂ္ဂလိကဘဏ် (၂)ခုတွင်မောင်မောင်(ခ)Hj Yassin ငွေစာရင်းနှင့် ဆက်စပ်တရားခံတစ်ဦးတို့ ငွေစာရင်း၌ ကျပ်သိန်း ပေါင်း (၂၈၀၀၀)ကျော်နှင့် ATM ကတ်နှစ်ခုတို့အား စစ်ဆေး တွေ့ရှိရသဖြင့် အဆိုပါငွေကြေးများကို ယာယီပိတ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ တာဝန်ရှိသူများကလည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့်အတူ ပူးပေါင်းပါဝင် စစ်ဆေးလျက်ရှိပြီး ယင်းအမှုတွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီး ဌာန(ရန်ကုန်)အနေဖြင့် မူးယစ်ဆေးဝါးများကို သင်္ဘောပေါ်ရောက်အောင် မည်သို့တင်ဆောင်ခဲ့သည်၊ တင်ဆောင်ရာတွင် မည်သည့်ဝန်ထမ်းများ ပါဝင်ပတ်သက်မှုရှိသည် စသည်တို့နှင့်ပတ်သက်၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent