မူဆယ်မှလာသည့် ခြောက်ဘီးယာဉ်တစ်စီးပေါ်မှ ဖောက်ခွဲရာတွင် အသုံးပြုသည့် အမိုနီယမ်နိုက်ထရိတ်များ ဖမ်းမိ

မူဆယ်မှလာသည့် ခြောက်ဘီးယာဉ်တစ်စီးပေါ်မှ ဖောက်ခွဲရာတွင် အသုံးပြုသည့် အမိုနီယမ်နိုက်ထရိတ်များ ဖမ်းမိ
Published 22 August 2017

မန္တလေးတိုင်းဒေသကြီး ၁၆ မိုင်ကျောက် ချောစစ်ဆေးရေးစခန်းတွင် မူဆယ်ဘက်မှ မောင်းနှင်လာသည့် ခြောက်ဘီးယာဉ်တစ်စီးပေါ်မှ ဖောက်ခွဲရာတွင် အသုံးပြုသည့် အမိုနီယမ်နိုက်ထရိတ် မြေသြဇာများ ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သြဂုတ် ၂၁ ရက်တွင် သတင်းရရှိသည်။

အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူများသည် ပုသိမ်ကြီးမြို့နယ် ၁၆ မိုင် ကျောက်ချောစစ်ဆေးရေးစခန်းတွင် သြဂုတ် ၂၀ ရက် နံနက် ၄ နာရီခွဲက ပိတ်ဆို့ရှာဖွေစစ်ဆေးနေစဉ် မူဆယ်ဘက်မှ မန္တလေးဘက်သို့ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး မောင်းနှင်လာသည့် 6D/-- UD ခြောက်ဘီးအပြာရောင်တစ်စီးအား ရပ်တန့်ရှာဖွေစစ်ဆေးရာ ယာဉ်ပေါ်တွင် ထုံးအိတ်များဖြင့် ဖုံးအုပ်ထားသည့် အမိုနီယမ်နိုက်ထရိတ်မြေသြဇာ ၂၀၀ အိတ်အား တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါမြေသြဇာများသည် စာရွက်စာတမ်း အထောက်အထားများ မပါရှိဘဲ သယ်ဆောင်လာခြင်းဖြစ်သောကြောင့် မန္တလေးမြို့နယ် အကောက်ခွန်ဦးစီးဌာနရုံးသို့ ပို့အပ်ကာ အကောက်ခွန်လုပ်ထုံးလုပ်နည်း ဥပဒေအရ အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အမိုနီယမ်နိုက်ထရိတ်များသည် ဖောက်ခွဲရာတွင် အသုံးပြုကြပြီး ဥပမာအားဖြင့် မိုင်းခွဲသည့်နေရာဖြစ်သည့် ရွှေတွင်းမိုင်းများ၊ ကျောက်မိုင်းခွဲရာတွင် အသုံးပြုကြောင်း သိရသည်။

Most Read

Most Recent