စည်ပင်နယ်နိမိတ်ပြင်ပ မြို့နယ် ၁၁ မြို့နယ်တွင် အကောင်အထည်ဖော်ရန် လျာထားသည့် စက်မှုဇုန်မြေ နေရာများကို မြို့ပြစီမံကိန်းမြေအဖြစ် သတ်မှတ်ပြီး မြေပိုင်ရှင်မှ ရာခိုင်နှုန်း ၂၀၊ နိုင်ငံတော်မှ ရာခိုင်နှုန်း ၈၀ ဖြင့် ထူထောင်မည်

စည်ပင်နယ်နိမိတ်ပြင်ပ မြို့နယ် ၁၁ မြို့နယ်တွင် အကောင်အထည်ဖော်ရန် လျာထားသည့် စက်မှုဇုန်မြေ နေရာများကို မြို့ပြစီမံကိန်းမြေအဖြစ် သတ်မှတ်ပြီး မြေပိုင်ရှင်မှ ရာခိုင်နှုန်း ၂၀၊ နိုင်ငံတော်မှ ရာခိုင်နှုန်း ၈၀ ဖြင့် ထူထောင်မည်
Published 6 June 2018

စည်ပင်နယ်နိမိတ်ပြင်ပ မြို့နယ် ၁၁ မြို့နယ်တွင် အကောင်အထည်ဖော်ရန် လျာထားသည့် စက်မှုဇုန်မြေ နေရာများကို ပထမအဆင့် မြို့ပြစီမံကိန်းမြေအဖြစ် သတ်မှတ်ပြီး မြေပိုင်ရှင် တောင်သူများမှ ရာခိုင်နှုန်း ၂၀ နိုင်ငံတော်မှ ရာခိုင်နှုန်း ၈၀ ဖြင့် ထူထောင်သွားမည်ဖြစ်ကြောင်း မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

အဆိုပါကိစ္စအား ဇွန် ၅ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး (၄၀ ရက်မြောက်နေ့) တွင် “ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ မြို့နယ် ၁၁ မြို့နယ်တွင် နိုင်ငံတကာအဆင့်မီ စက်မှုဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီရင်ခံစာ” နှင့်စပ်လျဉ်းပြီး မြို့တော်ဝန် ဦးမောင်မောင်စိုးက လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

“ရွေးချယ်ထားရှိတဲ့ စက်မှုဇုန်မြေနေရာများကို ပထမအဆင့် မြို့ပြစီမံကိန်းမြေအဖြစ် သတ်မှတ်ပြီး မြေပိုင်ရှင် တောင်သူတွေက ၂၀ ရာခိုင်နှုန်း၊ နိုင်ငံတော်က ၈၀ ရာခိုင်နှုန်း အချိုးဖြင့် ခွဲဝေပြီး နိုင်ငံတကာ အဆင့်မီ စက်မှုဇုန် ထူထောင်ဖို့ ဖြစ်ပါတယ်။ စီမံကိန်း လျာထားဧရိယာများ အနေနဲ့ လုပ်ငန်းဆောင်ရွက်၍ ရနိုင်ဖွယ်ရှိမရှိ Feasibility Survey ဆောင်ရွက်ပြီး တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြအတည်ပြုချက် ရယူသွားမှာ ဖြစ်ပါတယ်” ဟု မြို့တော်ဝန်က ပြောကြားသည်။

မြို့နယ် ၁၁ မြို့နယ်တွင် စက်မှုဇုန်မြေနေရာများ လျာထားရွေးချယ်ထားရှိမှုအပေါ် တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှု ပြန်လည်စိစစ်ရေး ကော်မတီ၏ ထပ်မံစိစစ် ထောက်ခံချက်ဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြခဲ့ရာ ၂၀၁၈ ဖေဖော်ဝါရီ ၁ ရက်တွင် ကျင်းပပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၅/၂၀၁၈ ဆုံးဖြတ် ချက် အပိုဒ် ၂၈ အရ အတည်ပြုချက် ရရှိခဲ့ပြီးဖြစ်ကြောင်း မြို့တော်ဝန်က ပြောကြားသည်။

“တိုင်းဒေသကြီး လွှတ်တော်မှာ အတည်ပြုချက် ရရှိပြီးပါက ပြည်ထောင်စုအစိုးရအဖွဲ့ကို ဆက်လက် တင်ပြသွားမှာဖြစ်တယ်။ ပြည်ထောင်စု အစိုးရအဖွဲ့က အတည်ပြုချက် ရရှိပြီးနောက် စက်မှုဇုန်များ ထူထောင်ခြင်း လုပ်ငန်းကို ပွင့်လင်းမြင်သာမှု ရှိစေရန် အိတ်ဖွင့်တင်ဒါ ခေါ်ယူသွားမယ်။ တင်ဒါစီစစ် ရွေးချယ်ရာမှာလည်း ပွင့်လင်းမြင်သာမှုရှိစွာ ပြည်သူလူထု အကျိုးပြုမှုကို ပိုမိုဖော်ဆောင်ပေးနိုင်မယ့် ကုမ္ပဏီကို Swiss Challenge စနစ်ဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့က ဖွဲ့စည်းပေးမယ့် တင်ဒါစိစစ် ရွေးချယ်ရေးအဖွဲ့ တင်ဒါကော်မတီများကနေ ရွေချယ်သွားမှာ ဖြစ်ပါတယ်” ဟု မြို့တော်ဝန်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ မြို့နယ် ၁၁ မြို့နယ်တွင် နိုင်ငံတကာအဆင့်မီ စက်မှုဇုန်များ ထူထောင်ခြင်းဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ကွပ်ကဲမှု အာက်ရှိ မြို့နယ် ၃၃ မြို့နယ်နှင့် ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်များ လျော့နည်းသွားပြီး ဒေသဖွံ့ဖြိုးရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးကို အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ထို့ပြင် မြို့နယ် ၁၁ မြို့နယ်တွင် နိုင်ငံတကာအဆင့်မီ စက်မှုဇုန်များ ထူထောင်ရခြင်းသည် ဒေသဖွံ့ဖြိုးရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးကို ဖော်ဆောင်ပေးနိုင်ရန်အပြင် ရန်ကုန်မြို့တော်၏ လူဦးရေ သိပ်သည်းကြပ်တည်းမှု၊ ယာဉ်ကြောပိတ်ဆို့မှုတို့ကို အထိုက်အလျောက် လျော့နည်းသွားစေရန်နှင့် မြို့နယ်တစ်ခုချင်းစီတွင် စက်မှုဇုန် ထူထောင်ခြင်းဖြင့် ရရှိလာမည့်ဝင်ငွေများကို အဆိုပါမြို့နယ် တစ်ခုချင်းစီ၏ မြို့ ပြနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပြန်လည်သုံးစွဲရန် ဖြစ်ကြောင်း ၎င်းကဆိုသည်။

 

Most Read

Most Recent