ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး ရေးသားသော အင်းဒင်လူသတ်မှု သတင်းဆောင်းပါးကို သက်သေခံအဖြစ် တင်သွင်းမှု တရားရုံးမှလက်ခံ

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး ရေးသားသော အင်းဒင်လူသတ်မှု သတင်းဆောင်းပါးကို သက်သေခံအဖြစ် တင်သွင်းမှု တရားရုံးမှလက်ခံ
Published 6 June 2018

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက် နှစ်ဦးအား ဇွန် ၅ ရက်က ရုံးထုတ်လာစဉ် (ဓာတ်ပုံ- ကြည်နိုင်)

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး ရေးသည့် အင်းဒင်လူသတ်မှု သတင်းဆောင်းပါးကို သက်သေခံအဖြစ် တင်သွင်းမှု မြောက်ပိုင်းခရိုင် တရားရုံးက ၂၄ ကြိမ်မြောက် ရုံးချိန်းတွင် လက်ခံခဲ့ကြောင်း သတင်းထောက်နှစ်ဦး၏ရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားသည်။

ရိုက်တာသတင်းဌာနမှ သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကိုယ်တိုင် ရေးသားသော အင်းဒင်လူသတ်မှု သတင်းဆောင်းပါးကို သက်သေအဖြစ် တင်သွင်းမှုကို ရုံးတော်မှ လက်ခံခြင်းသည် ထူးခြားမှုတစ်ခုဖြစ်ကြောင်း ရှေ့နေဦးသန်းဇော်အောင်က ပြောကြားသည်။ အင်းဒင် သတင်းဆောင်းပါးကို ယခင်က သက်သေအဖြစ် တင်သွင်းမှုကို လက်မခံဘဲ ပယ်ချထားသည်။

“သေချာတာ တစ်ခုကတော့ စွပ်စွဲခံရသူတွေက မောင်တော၊ အင်းဒင်နဲ့ ပတ်သက်တဲ့ သတင်းကို လိုက်တယ်။ လိုက်ရင်းအဖမ်းခံရတယ်။ အဖမ်းခံရတဲ့အခါမှာ အင်းဒင်ဆိုတဲ့ သတင်းဆောင်းပါး ရေးတယ် ဆိုတဲ့ကိစ္စ ပျောက်နေတယ်။ ဒီနေ့ကတော့ သူတို့နှစ်ယောက် ကိုယ်တိုင်ရေးတဲ့ သတင်းဆောင်းပါးကို သက်သေခံအဖြစ် ရုံးတော်ကနေ လက်ခံပါတယ်” ဟု ရှေ့နေဦးသန်းဇော်အောင်က ပြောကြားသည်။

မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ ဥပဒေဖြင့် တရားစွဲဆိုခံထားရသော ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး အမှုတွင် စွပ်စွဲခံရသူ ကိုဝလုံးက တရားရုံးက မျှမျှတတ ဆုံးဖြတ်တော့မည်ဟု ခံစားရကြောင်း၊ ယနေ့ရုံးချိန်းသည် အမှန်တရားနှင့် တရားမျှတမှုအတွက် မျှော်လင့်ချက် များစွာရှိသောနေ့ ဖြစ်ကြောင်း ရုံးချိန်းအပြီးတွင် မီဒီယာများအား ပြောကြားသည်။

“ကျွန်တော်တို့ အင်းဒင်စတိုရီနဲ့ ပတ်သက်ပြီးတော့ ဒီနေ့တရားရုံးက သက်သေခံချက်အဖြစ်နဲ့ လက်ခံလိုက်ပါပြီ။ အဲဒီတော့ ကျွန်တော်တို့ ဆောင်ရွက်ခဲ့တဲ့ အမှန်တရားတွေ မကြာခင် ပေါ်လာတော့မယ်။ ကျွန်တော်တို့ ဆောင်ရွက်ခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း တရားရုံးကနေပြီးတော့ တရားမျှမျှတတ ဆုံးဖြတ်တော့မယ် ဆိုတာမျိုးကို ကျွန်တော်တို့ဒီနေ့ ခံစားရပါတယ်။ ဒီနေ့ရုံးချိန်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ကတော့ အမှန်တရားနဲ့ တရားမျှတမှု အတွက်ကို အများကြီး မျှော်လင့်ချက်ရှိတဲ့နေ့လို့ ပြောချင်ပါတယ်” ဟု ပြောကြားသည်။

အဆိုပါ အင်းဒင်ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဘင်္ဂါလီအကြမ်းဖက် ၁၀ ဦးအပေါ် ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း မရှိဘဲ ပြစ်မှုကျူးလွန်ခဲ့သည့် တပ်မတော်သား ခုနစ်ဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ထားကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီ ၁၀ ရက် ညပိုင်းက သတင်းထုတ်ပြန်သည်။

ယင်းနေ့ရုံးချိန်းတွင် ရဲမှူးအောင်ကျော်ဆန်းက စွပ်စွဲခံရသော သတင်းထောက်နှစ်ဦး၏ ဖုန်းအတွင်းမှ တွေ့ရှိသည်ဆိုသော အချက်အလက် ၂၁ ခုကို တရားရုံးသို့ သက်သေအဖြစ် တင်သွင်းရာ ရုံးတော်မှ လက်ခံခဲ့သည်။ သို့သော် စွပ်စွဲခံရသော သတင်းထောက်နှစ်ဦး၏ ရှေ့နေများက ယင်းအချက်အလက်များသည် အများပြည်သူ သိရှိပြီးသား အကြောင်းအရာများ ဖြစ်ကြောင်းကို သတင်းစာများ၊ ဂျာနယ်များဖြင့် ပြန်လည် သက်သေတင်သွင်းခဲ့ကြောင်း သိရသည်။

ထို့ပြင် ပုပ်ရဟန်းမင်းကြီး၏ ခရီးစဉ်၌  တရားဟောမည့်နေရာ၏ နေရာပြမြေပုံကို လုံခြုံရေး အစီအမံပြမြေပုံ ဟုဆိုကာ လျှို့ဝှက်ချက်များအဖြစ် အချက်အလက် ၂၁ တစ်ခုထဲတွင် ထည့်သွင်းခဲ့ရာ စွပ်စွဲခံရသူ နှစ်ဦး၏ ရှေ့နေများက အစိုးရ သို့မဟုတ် ရဲတပ်ဖွဲ့က ထုတ်ထားသောမြေပုံ မဟုတ်ဘဲ ဂျာမနီနိုင်ငံ ဝက်ဘ်ဆိုက်တစ်ခုမှ ကူးယူထားခြင်းဖြစ်ကြောင်း တရားခွင်တွင် ပြန်လည်ပြောကြားရာ ရဲမှူးအောင်ကျော်ဆန်းက အစိုးရ သို့မဟုတ် ရဲတပ်ဖွဲ့က ထုတ်ထားသော မြေပုံမဟုတ်ဟု ဝန်ခံခဲ့ကြောင်း ရှေ့နေဦးသန်းဇော်အောင်က ပြောကြားသည်။

အဆိုပါ ရုံးချိန်းတွင် နေပြည်တော် ရဲမှုခင်းတပ်ဖွဲ့၊ နည်းပညာမှုခင်းဌာနမှ နည်းပညာကျွမ်းကျင်သူ ရဲမှူးအောင်ကျော်ဆန်းကို တရားလိုပြ သက်သေအဖြစ် ခြောက်ကြိမ်မြောက် စစ်ဆေးခဲ့ပြီး ၎င်းကို တစ်ပတ်လျှင် နှစ်ရက်နှုန်းဖြင့် သုံးပတ်ကြာ စစ်ဆေးမှု အပြီးသတ်ခဲ့ခြင်းလည်း ဖြစ်သည်။ နောက်လာမည့် ရုံးချိန်းကို ဇွန် ၁၁ ရက်နှင့် ၁၂ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ပြီး ရဲတပ်ဖွဲ့မှ အမှုစစ်အရာရှိ တစ်ဦးကို စစ်ဆေးမည်ဖြစ်သည်။

 

Most Read

Most Recent