ပြည်ပအလုပ်အကိုင် လိုင်စင်မရှိဘဲ အမျိုးသမီးများအား ပြည်ပသို့ပို့ဆောင်ရန် ဆောင်ရွက်နေသည့် အမျိုးသားအား ဖမ်းဆီး

ပြည်ပအလုပ်အကိုင် လိုင်စင်မရှိဘဲ အမျိုးသမီးများအား ပြည်ပသို့ပို့ဆောင်ရန် ဆောင်ရွက်နေသည့် အမျိုးသားအား ဖမ်းဆီး
Published 6 June 2018

မရမ်းကုန်းမြို့နယ်၊ မုဒိတာအိမ်ရာဝင်းအတွင်း ပြည်ပအလုပ်အကိုင်လိုင်စင်မရှိသည့် လုပ်ငန်းတစ်ခုမှ အမျိုးသမီးအလုပ်သမားများအား ပြည်ပသို့ပို့ဆောင်ရန်ဆောင်ရွက်နေသော အမျိုးသားတစ်ဦးအား ဖမ်းဆီးအရေးယူခဲ့ကြောင်း ဘုရင့်နောင်နယ်မြေရဲ စခန်းမှ စုံစမ်းသိရသည်။

အဆိုပါမုဒိတာအိမ်ရာဝင်းအတွင်းရှိ တိုက်အမှတ် (B) မှ တိုက်ခန်းတစ်ခန်းအား ဇွန် ၅ ရက် သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးခဲ့ရာ သက်မောင်မောင်ဆိုသူက အမျိုးသမီး ၁၀ ဦးကျော်အား ပြည်ပအလုပ်အကိုင်လုပ်ငန်းလိုင်စင်မရှိဘဲ ပြည်ပသို့ ပို့ဆောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

“ပြည်ပအလုပ်အကိုင်လိုင်စင်မရှိဘဲနဲ့ အလုပ်သမားပို့ဖို့လုပ်နေတာပါ။ ပတ်စ်ပို့တွေ၊ အထောက်အထားတွေတော့ရှိတယ်။ အမျိုးသမီး ၁၀ ယောက်ကျော်ကျော်လောက် ရှိတယ်။ ကောင်မလေးတွေကလည်း ပိုက်ဆံပေးထားတာတော့ မရှိဘူး။ ဒီအတိုင်းပဲခေါ်လာတာ။ ပြည်ပအလုပ်အကိုင်လိုင်စင်ကို တင်ထားတုန်းပဲရှိတယ်။ မကျသေးဘူး။ အဲဒါတွေလုပ်နေတဲ့ သက်မောင်မောင်ကို ဖမ်းပြီးတော့ စစ်ဆေးနေပါတယ်” ဟု ဘုရင့်နောင် နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အမျိုးသမီး ၁၀ ဦးကျော်မှာ တရားဝင် ပတ်စ်ပို့ဖြင့် သွားရောက်အလုပ်လုပ်ကိုင်မည့် သူများဖြစ်ပြီး တောင်ငူ၊ တောင်တွင်းကြီး၊ ကယားပြည်နယ်တို့မှ လာရောက်ကြသူများဖြစ်ကာ အဆိုပါအမျိုးသမီးများအား ၎င်းတို့ ဒေသနှင့်မိသားစုများထံသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း ဘုရင့်နောင်နယ်မြေရဲစခန်းမှ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လက်ရှိတွင် ပြည်ပအလုပ်အကိုင် လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ကိုင်ဆောင်ရွက်နေသည့် သက်မောင်မောင်ဆိုသူအား အလုပ်သမားဦးစီးဌာနမှ တရားလိုပြုလုပ်၍ ပြည်ပအလုပ်အကိုင်ဥပဒေဖြင့် အမှုဖွင့်ရန် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent