နတ်မောက်မြို့နယ် လေးအိမ်ကျေးရွာအနီး ချောင်းရေကျော်ကို ဖြတ်ကူးသည့် ကုန်တင်ကားမှ ယာဉ်မောင်းတစ်ဦး ချောင်းရေဖြင့် မျောပါပျောက်ဆုံးနေ

နတ်မောက်မြို့နယ် လေးအိမ်ကျေးရွာအနီး ချောင်းရေကျော်ကို ဖြတ်ကူးသည့် ကုန်တင်ကားမှ ယာဉ်မောင်းတစ်ဦး ချောင်းရေဖြင့် မျောပါပျောက်ဆုံးနေ
Published 22 August 2017

ချောင်းရေကျော်ကူးစဉ် စက်ရပ်သွားသည့်ကားအား ဆွဲယူနေစဉ် (ဓာတ်ပုံ-ဦးမောင်ကြိုင်)

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် နတ်မောက်-ပျော်ဘွယ်ကားလမ်း လေးအိမ်ကျေးရွာအနီး ချောင်းကူးရေကျော်တွင် ချောင်းရေကျနေစဉ် သြဂုတ် ၂၁ ရက် နံနက် ၇ နာရီခန့်က ဖြတ်ကူးခဲ့သည့် ကုန်တင်ကားတစ်စီးမှ ကားမောင်းသူတစ်ဦး ချောင်းရေဖြင့် မျောပါပျောက်ဆုံးနေကြောင်း လေးအိမ်ကျေးရွာဒေသခံများနှင့် နတ်မောက်မြို့နယ် ရဲစခန်း တာဝန်ရှိသူများထံမှ သိရသည်။

သြဂုတ် ၂၀ ရက် ညပိုင်းက တစ်ညလုံးနီးပါး နတ်မောက်၊ မကွေးမြို့နယ်များတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း၊ နတ်မောက်- မကွေး ကားလမ်းနှင့် နတ်မောက်-ပျော်ဘွယ်ကားလမ်းပေါ်ရှိ ရေကျော်များတွင် ချောင်းရေများ အလုံးအရင်းဖြင့် ကျဆင်းခဲ့ကြောင်း သိရသည်။

လေးအိမ်ကျေးရွာအနီး ရေကျော်တွင် ချောင်းရေကျနေစဉ် ဖြတ်ကူးခဲ့သည့် ဆန်အိတ်များ တင်ဆောင်လာသော ၁၂ ဘီးကား (ရွှေမောင်းသံအမည်ပါ) သည် ချောင်းအလယ်တွင် စက်ရပ်သွားခဲ့ကြောင်း ကားစက်ရပ်သွားစဉ် ရေကြောင်းစမ်းရန် ကားပေါ်မှ ဆင်းသွားခဲ့သည့် ကားမောင်းသူသည် ရေစီးဖြင့် မျောပါသွားခဲ့ပြီး အခင်းဖြစ်နေ့ ညနေ ၄ နာရီအထိ ရှာမတွေ့သေးကြောင်း သိရသည်။

“အဲဒီချောင်းက တောင်ကျချောင်းဆိုတော့ ရေကျလာရင် အလုံးအရင်းနဲ့ လာတတ်ပါတယ်။ အဲဒီည (သြဂုတ် ၂၀ ရက်) က ချောင်းကူးမရလို့ ကားတွေအားလုံး စောင့်ဆိုင်းနေခဲ့ပါတယ်။ နောက်နေ့မနက်မှာ နတ်မောက်ဘက်ကလာတဲ့ ကုန်ကားတစ်စီးက ဒေသခံတွေက မကူးဖို့တားတဲ့ကြားက ကူးသွားပြီး ချောင်းအလယ်မှာ စက်ရပ်သွားတာပါ။ ကားစက်ရပ်သွားလို့ ရေကြောင်းကြည့်ဖို့ ဆင်းလာတဲ့ကားသမားက ချောင်းရေထဲမှာ မျောပါသွားခဲ့တာပါ” ဟု လေးအိမ်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောကြားသည်။

အဆိုပါ ကုန်ကားသည် ပြည်မှ မန္တလေးသို့ မောင်းနှင်လာခဲ့ကြောင်း ထိုကားနှင့် ကားပေါ်တွင် ကျန်ရစ်သည့် ယာဉ်မောင်းအကူ ကိုဇော်ဝင်းထွန်းကို သက်ဆိုင်ရာတာဝန်ရှိသူများက ဘက်ဟိုးယာဉ်ဖြင့် ကယ်တင်ခဲ့ကြောင်း အခင်းဖြစ်နေ့ မွန်းတည့်ပိုင်းခန့်တွင် အဆိုပါချောင်းတွင် ချောင်းရေလျော့နည်းသွားခဲ့ပြီး ကားများ ပုံမှန်ဖြတ်သန်းနေကြောင်း ဒေသခံများထံမှ သိရသည်။

Most Read

Most Recent