၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း လမ်းဘေးဈေးသည် ၂၉၀၀ ကျော်ကို တရားစွဲဆိုခဲ့ပြီး ဒဏ်ကြေး ကျပ်သိန်း ၃၀၀ ကျော်ရရှိခဲ့ဟု မြို့တော်ဝန်ပြောကြား

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း လမ်းဘေးဈေးသည် ၂၉၀၀ ကျော်ကို တရားစွဲဆိုခဲ့ပြီး ဒဏ်ကြေး ကျပ်သိန်း ၃၀၀ ကျော်ရရှိခဲ့ဟု မြို့တော်ဝန်ပြောကြား
Published 6 June 2018

လမ်းဘေးဈေးသည်များကို စည်ပင်မှ လိုက်လံစစ်ဆေးနေစဉ် (ဓာတ်ပုံ- ကြည်နိုင်)

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း စနစ်တကျ ရောင်းချခြင်း မရှိသည့် လမ်းဘေးဈေးသည် ၂၉၀၉ ဦးကို တရားစွဲဆိုခဲ့ပြီး ဒဏ်ကြေးငွေ ကျပ်သိန်း ၃၀၀ ကျော်ရရှိခဲ့ကြောင်း မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

“မြို့နယ်တွေမှာ လမ်းဘေးဈေးသည်တွေကို စနစ်တကျ ရောင်းချစေရေးအတွက် စီမံချက်ချ ဆောင်ရွက်သော်လည်း ၂၀၁၇- ၂၀၁၈ ခုနှစ်အတွင်း လမ်းဘေးဈေးသည်များ ၁၂,၆၁၇ ဦးကို ပညာပေးခြင်းတွေ ဆောင်ရွက်ခဲ့ပါတယ်။ တရားစွဲမှု အနေနဲ့ အမှုပေါင်း ၂,၉၀၉ မှုရှိခဲ့ပြီး ဒဏ်ငွေကျပ်သိန်း ၃၀၀ ကျော် ဒဏ်ရိုက်အရေးယူ ဆောင်ရွက်ခဲ့ပါတယ်” ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

ထို့ပြင် လမ်းဘေးဈေးသည်များကို နှစ်ထပ်ဈေးရုံ အဆောက်အအုံများပေါ်သို့ တက်ရောက် ရောင်းချစေရေးနှင့် စည်းကမ်းမဲ့ ရောင်းချမှု မရှိစေရေး ဆက်လက်ကြပ်မတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးမောင်မောင်စိုးက ပြောကြားသည်။

ယင်းအပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း လမ်းများအပေါ်တွင် ရောင်းချလျက်ရှိသော ပျံကျဈေးသည်များကို ဈေးအတွင်း ဝင်ရောက် ရောင်းချနိုင်ရေးအတွက် မူလဈေးဟောင်းများကို ပြန်လည်ပြုပြင်ပြီး နှစ်ထပ်ဈေးရုံများ တည်ဆောက်ခဲ့ကြောင်း၊ ဈေးသည်များကို နှစ်ထပ်ဈေးရုံများပေါ်တွင် တက်ရောက် ရောင်းချရေးအတွက် ဆောင်ရွက်သော်လည်း ဈေးသည်များသည် လမ်းဘေးတွင် ရောင်းချရ ပိုမိုအဆင်ပြေသဖြင့် ဈေးရုံပေါ်သို့ တက်ရောက်ရောင်းချခြင်း မရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“လမ်းဘေးမှာ ရောင်းချတဲ့အခါ အခွန်အခ ပေးစရာမလိုခြင်း၊ လမ်းသွားလမ်းလာတွေက အလွယ်တကူ ဝယ်လို့ရခြင်း၊ ဈေးဖွင့်ချိန်၊ ပိတ်ချိန် သတ်မှတ်ထားခြင်း မရှိတဲ့ အချက်တွေကြောင့် ဈေးပေါ်ကို တက်ရောက်ရောင်းချတဲ့ ဈေးသည်တွေကလည်း အပေါ်ထပ်သို့ တက်ရောက်ဝယ်ယူသူ နည်းပါးတဲ့အတွက် ဈေးသည်အများစု ဆက်လက်ရောင်းချခြင်း မရှိတော့ဘဲ အခြားလမ်းမများပေါ် ပြောင်းရွှေ့ ရောင်းချနေတာကို တွေ့ရပါတယ်” ဟု မြို့တော်ဝန်က ပြောကြားသည်။

ထိုကဲ့သို့ နှစ်ထပ်ဈေးရုံများတွင် ဈေးသည်များ တက်ရောက် ရောင်းချနိုင်ရန်အတွက် ဈေးပတ်ဝန်းကျင် လမ်းများတွင် အိမ်ဆိုင်များ ဖွင့်လှစ်နိုင်မှု မရှိအောင် စည်းကမ်းသတ်မှတ်ခြင်း၊ လမ်းများတွင် ပျံကျဈေးသည်များ လုံးဝရောင်းချမှု မရှိစေရေး စီမံရေးဌာန၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာန၊ သက်ဆိုင်ရာရပ်ကွက်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဈေးများဌာန ဝန်ထမ်းများ ပါဝင်သည့် ပူးပေါင်းအင်အားများဖြင့် နေ့စဉ်ကြပ်မတ် ဆောင်ရွက်ခြင်း၊ လမ်းဘေးဈေးသည်များ ဈေးရုံများပေါ်တွင် တက်ရောက် ရောင်းချစေရေးအတွက် ပညာပေး အစီအစဉ်များ ဆောင်ရွက်ခြင်း၊ ပူပေါင်းအဖွဲ့များမှ ဈေးရောင်းချမှု မရှိစေရေး ဆောင်ရွက်ခြင်းကို လိုက်နာမှု မရှိသော ဈေးသည်များအား ထိရောက်စွာ အရေးယူခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့တော်ဝန်က ပြောကြားသည်။

 

Most Read

Most Recent