သြဂုတ်လအတွင်း နိုင်ငံတစ်ဝန်းလုံး၌ မီးလောင်မှုများနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ၁၁ ဦး သေဆုံးပြီး ၅၀၀ ကျော် ဘေးဒုက္ခရောက်ခဲ့

သြဂုတ်လအတွင်း နိုင်ငံတစ်ဝန်းလုံး၌ မီးလောင်မှုများနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ၁၁ ဦး သေဆုံးပြီး ၅၀၀ ကျော် ဘေးဒုက္ခရောက်ခဲ့
Published 22 August 2017

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာတွင် ဖြစ်ပွားခဲ့သော နေအိမ် ၁၁ လုံးနှင့် ဆိုင်ခန်း ၃၃ ခန်း ဆုံးရှုံးခဲ့သည့် မီးလောင်မှုအား တွေ့ရစဉ်။ (ဓာတ်ပုံ-ရဲမင်းထွန်း)

သြဂုတ် ၁ ရက်မှ ၁၄ ရက်အထိ နိုင်ငံတစ်ဝန်း၌ မီးလောင်မှုများနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ၁၁ ဦး သေဆုံးပြီး ၅၀၀ ကျော် ဘေးဒုက္ခရောက်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

သြဂုတ် ၁ ရက်မှ ၁၄ ရက်အထိ နိုင်ငံတစ်ဝန်းလုံး မီးလောင်ကျွမ်းမှု ၄၄ ကြိမ် ဖြစ်ပွားခဲ့ပြီး မီးလောင်မှုများတွင် မီးဖိုမီးကြောင့် မီးလောင်မှုဖြစ်စဉ်ခုနစ်ကြိမ်၊ ပေါ့ဆမှုကြောင့် မီးလောင်မှုဖြစ်စဉ် ၁၃ ကြိမ်၊ အလိုအလျောက် လောင်သောမီးမှာ နှစ်ကြိမ်၊ လျှပ်စစ်ကြောင့် မီးလောင်မှုဖြစ်စဉ် ၁၄ ကြိမ်၊ မသမာသူရှို့မီး ခြောက်ကြိမ်၊ စုံစမ်းဆဲ မီးလောင်မှုမှာနှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သြဂုတ် ဒုတိယပတ်အတွင်း မီးလောင်မှုများကြောင့် အိမ်ခြေအဆောက်အအုံ ၂၉ လုံး၊ မီးလောင်ဆုံးရှုံးခဲ့ပြီး သုံးဦးသေဆုံးကာ ၇၈ ဦး မီးဘေးဒုက္ခရောက်ခဲ့ကြောင်း၊ မီးလောင်မှုများကြောင့် ကျပ်သန်းပေါင်း ၂၆ သန်းကျော် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

သြဂုတ် ၁ ရက်မှ ၁၄ ရက်အထိ နိုင်ငံတစ်ဝန်းလုံး၌ သဘာဝဘေးအန္တရာယ်နှင့် မတော်တဆဖြစ်စဉ် ၅၄ ကြိမ် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်ရှိ သဘာဝဘေးအန္တရာယ်နှင့် မတော်တဆဖြစ်စဉ်များတွင် ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ချက်များ စာရင်းများအရ သိရသည်။

သြဂုတ်လ ဒုတိယပတ်အတွင်း ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်နှင့် မတော်တဆဖြစ်စဉ်များအနက် တိုက်ပြိုကျမှု၊ ကမ်းပါးပြိုကျမှု၊ မြေပြိုကျမှုနှင့်၊ လေပြင်းတိုက်ခတ်မှု၊ ရေကြီးမှု၊ ယာဉ်တိုက်မှုနှင့် ယာဉ်တိမ်းမှောက်မှု၊ ရေနစ်မြုပ်မှု၊ ပေါက်ကွဲမှု၊ မိုးကြိုးပစ်မှု၊ သစ်ပင်ပြိုလဲကျမှုနှင့် အစာအဆိပ်သင့်မှု စသည်တို့ ပါဝင်ကြောင်း သိရသည်။

သြဂုတ်လအတွင်း ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်နှင့် မတော်တဆဖြစ်စဉ်များကြောင့် အိမ်ခြေ ၁၂၇ လုံးပျက်စီးခဲ့ပြီး ရှစ်ဦးသေဆုံးခဲ့ကာ ၄၃၅ ဦး ဘေးဒုက္ခရောက်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အတွင်း သဘာဝဘေးအန္တရာယ်များနှင့် ရုတ်တရက် မတော်တဆဖြစ်ပွားခဲ့သည့် ဘေးအန္တရာယ်များကို အချိန်နှင့် တစ်ပြေးညီ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ၇၂ ဖွဲ့၊ တပ်ဖွဲ့ဝင်အင်အား ၇၂၀၀ ဦးရှိရာမှ လက်ရှိတွင် ရှာဖွေ ကယ်ဆယ်ရေးတပ်ခွဲ ၁၇ ခွဲ၊ တပ်စု ၃၃၃၊ တပ်ဖွဲ့ဝင်အင်အား ၁၃၆၂၇ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်စေခဲ့ကြောင်း သိရသည်။

Most Read

Most Recent