<

ပဒုမ္မာပန်းခြံအနီးရှိ ဆိုင်ခန်းများအား အပ်နှံရန် စည်ပင်မှ အကြောင်းကြားစာပို့ထားပြီး မအပ်နှံမီ ဆိုင်ခန်းမြေနေရာများ အစားပေးရန် နေထိုင်သူများတောင်းဆို

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ပဒုမ္မာပန်းခြံအနီးရှိ ၂၈ နှစ်ခန့် ရောင်းချလာသည့် ဆိုင်ခန်းများအား ပြန်လည်အပ်နှံရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက နို့တစ်စာပေးပို့ထားပြီး မအပ်နှံမီ ဆိုင်ခန်းမြေနေရာများ အစားထိုးချထားပေးရန် လိုလားကြောင်း အဆိုပါဆိုင်ခန်းများ၌ နေထိုင်သူများထံမှ သိရသည်။

ပဒုမ္မာပန်းခြံ အဆင့်မြှင့်တင်ရန် လျာထားသဖြင့် ပန်းခြံအနီးရှိ ဆိုင်ခန်းများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဆက်လက်ငှား ရမ်းခြင်းပြုတော့မည်မဟုတ်ကြောင်းနှင့် ဆိုင်ခန်းများတွင် နေထိုင်သူများ အနေဖြင့် ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်နောက်ဆုံးထားပြီး ဆိုင်ခန်းများကို ပြန်လည်အပ်နှံရန် နို့တစ်စာပေးပို့ထားခဲ့ကြောင်း၊ ထိုသို့ပေးပို့ထားသော်လည်း ပြန်လည်အပ်နှံခြင်းမရှိဟုဆိုကာ ဇွန် ၁ ရက်တွင် တတိယအကြိမ်အဖြစ် နို့တစ်စာထပ်မံပေးပို့ခဲ့ကြောင်း သိရသည်။

“ကျန်တဲ့အပိုင်းကတော့ ကော်မတီရဲ့ ညွန်ကြားချက် လုပ်ထုံးလုပ်နည်းဥပဒေတွေနဲ့ ဆက်လက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဘယ်လိုလုပ်မယ်၊ ဘယ်အချိန်မှာ လုပ်မယ်ဆိုတဲ့ တိတိကျကျတော့ ပြောလို့ မရသေးပါဘူး။ တခြားနေရာပေးမယ်ဆိုတာကတော့ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ကော်မတီနဲ့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းရဲ့ စီစဉ်ဆောင်ရွက်မှုပါပဲ။ ပေးမယ်တို့ မပေးဘူးတို့ဆိုတာက ကျွန်တော်တို့ဌာနအနေနဲ့ စီစဉ်လို့ မရတဲ့ကိစ္စဖြစ်တဲ့အတွက် ဒါကိုတော့ မဖြေနိုင်ပါဘူး” ဟု ပန်းဥယျာဉ်ဌာန ဒုတိယဌာနမှူး ဦးမင်းအောင်က ပြောကြားသည်။

ထိုသို့ဖယ်ရှားမည်ဆိုပါက အစားထိုးနေရာအဖြစ် စီစဉ်ဆောင်ရွက်ပေးရန်နှင့် မိသားစုစားဝတ်နေရေးအခက်အခဲရှိသဖြင့် အစားထိုးနေရာရရှိမှသာလျှင် ဖယ်ရှားပေးနိုင်မည်ဖြစ်ကြောင်း အဆိုပါနေအိမ်ဆိုင်ခန်းများတွင် နေထိုင်သည့် ပြည်သူများထံမှ သိရသည်။

“အစားထိုးနေရာလေးရရှိပြီးမှသာ ဖယ်ရှားစေချင်ပါတယ်။ တကယ်လို့ အစားထိုးနေရာလေးမပေးဘဲနဲ့ ဖယ်ရှားမယ်ဆိုရင် ကျွန်တော်တို့မိသားစု စားဝတ်နေရေးအခက်အခဲ ဖြစ်ပါမယ်။ ၀န်ကြီးဦးလှမြင့်ကလည်း ၂၀၁၅ ခုနှစ်က လွှတ်တော်မှာ ဖြေကြားထားပါတယ်။ အစားထိုးပြီးမှသာလျှင် ဖယ်ရှားမယ်လို့။ အဲဒီလိုလုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့မိသားစုတွေ အခက်အခဲသိပ် မဖြစ်ဘူးပေါ့” ဟု ပဒုမ္မာပန်းခြံအတွင်း ဆိုင်ခန်းဖွင့်လှစ်ထားသည့် ဦးစိန်မြင့်က ပြောကြားသည်။

အဆိုပါပန်းခြံအတွင်းရှိ နေအိမ်ဆိုင်ခန်းများကို  ၁၉၉၂  ခုနှစ်ကတည်းက စည်ပင်သာယာမှ စတင်အငှားချကာ ငှားရမ်းခဲ့ခြင်းဖြစ်ပြီး ပြောင်းရွှေ့ပေးရန် နို့တစ်စာပို့ထားသည့် ဆိုင် ခန်း ၅၂ ခန်းရှိကြောင်း ဆိုင်ခန်းပိုင်ရှင်များထံမှ သိရသည်။

June 5, 2018














Copy Protected by Chetan's WP-Copyprotect.