ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကန်ဒိုင်းတိုက်နယ်မှ ကျေးရွာ ၁၆ ရွာ အသုံးပြုနေသည့်လမ်း ဆိုးရွားစွာ ပျက်စီးနေသောကြောင့် ပြုပြင်ပေးစေလိုကြောင်း ဒေသခံများပြောကြား

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကန်ဒိုင်းတိုက်နယ်မှ ကျေးရွာ ၁၆ ရွာ အသုံးပြုနေသည့်လမ်း ဆိုးရွားစွာ ပျက်စီးနေသောကြောင့် ပြုပြင်ပေးစေလိုကြောင်း ဒေသခံများပြောကြား
Published 6 June 2018

ဓာတ်ပုံ-KoMgMgGyi

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကန်ဒိုင်းတိုက်နယ်မှ ကျေးရွာ ၁၆ ရွာ အသုံးပြုနေသည့် လမ်းပိုင်းဖြစ်သော အတွင်းပြင်-သပြေကျွန်းလမ်းမှာ လွန်စွာ ဆိုးရွားနေပြီး သွားလာရလွယ်ကူရန် ပြုပြင်ပေးစေလိုကြောင်း ဒေသခံများက ပြောကြားသည်။

အဆိုပါလမ်းအား စလင်ပေါ်၊ တောင်ရင်း၊ စေရင်း၊ ချောင်းကောက်၊ သပြေကျွန်း၊ ကညင်ကောက်၊ အချွိန်ပြင်၊ လောင်းချွန်၊ မှက်ချောင်းနှင့် မီးကျောင်းတက်ရွာများ အပါအဝင် ရွာ ၁၆ ရွာခန့်မှ နေ့စဉ် အသုံးပြုနေသောလမ်း ဖြစ်ကြောင်း၊ ယင်းအနက် ရွာကြီးငါးရွာ ပါဝင်ကြောင်းနှင့် အထကကျောင်းရှိသော ရွာလည်းပါဝင်ကြောင်း၊ မိုးရာသီကာလအတွင်း ရွှံ့ဗွက်များကြောင့် ကား၊ ဆိုင်ကယ်၊ စက်ဘီးများ သွားလာရ ခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။

“ရမ်းဗြဲမြို့နယ် ဆိုရင်တော့ ၁၁ မိုင် လောက် ရှိတာပေါ့။ အဓိက လမ်းပိုင်းကတော့  သုံးမိုင်လောက်ရှိတယ်။ အဲဒီလမ်းကို သိပ်မကြာသေးခင် နှစ်တွေက ကျောက်တွေခင်းပြီး ကျောက်စရစ်တွေနဲ့ ဖြည့်ပြီးတော့ သွားလာရကောင်းအောင် လုပ်ထားတာ ဖြစ်ပေမယ့် ကျောက်တွေက မိုးရွာတာနဲ့ ကားတွေ သွားလိုက်တော့ မြေကြီးထဲ နစ်ဝင်သွားတယ်။ ပြန်ပျက်သွားတယ်ပေါ့။ ဆိုတော့ အခုအချိန်မှာ ကျေးရွာပေါင်း ၁၆ ရွာက လူတွေ သွားလာမှုအပိုင်းမှာ သိပ်ပြီးခက်ခဲနေတယ်။ အပိုင်းလိုက်ရေဝပ်ပြီး ရွှံ့ဗွက်လမ်း ဖြစ်နေတယ်။ အဲဒါကို သွားလာလို့ရအောင် အမြန်ဆုံး လုပ်ပေးစေချင်ပါတယ်။ ကျွန်တော်တို့ အကြိမ်ကြိမ် တင်ပြပေမယ့် ဘာမှထူးခြား မလာဘူး ဖြစ်နေတယ်” ဟု မီးကျောင်းတက်ကျေးရွာမှ ဒေသခံဦးဘတင်က ပြောကြားသည်။

ထို့ပြင် ရမ်းဗြဲမြို့နယ်အတွင်း ထိုသို့ပျက်စီးနေသော လမ်းပိုင်းများစွာရှိကြောင်း၊ အထူးသဖြင့် ရွာချင်းဆက်လမ်းများတွင် ကောင်းသည့်လမ်းများ ရှိသကဲ့သို့ မကောင်းသည့် လမ်းများစွာ ရှိနေကြောင်း၊ သွားလာရေး လွယ်ကူစေရန် အရေးပါသော လမ်းပိုင်းများအား အချိန်မီ ပြုပြင်ပေးစေလိုကြောင်း ဒေသခံများက ပြောကြားသည်။

“ဒီလမ်းက ကန်ဒိုင်းအထကလည်းရှိတော့ ကျေးရွာပေါင်း ဆယ့်ငါးခြောက်ရွာက ကျောင်းသားတွေ ကျောင်းသွားတက်ရတယ် ဆိုတော့ အရေးပါတဲ့လမ်း ဖြစ်ပါတယ်။ ကျွန်တော်တို့က ဝန်ကြီးချုပ် ခရီးစဉ်တွေမှာလည်း အကြိမ်ကြိမ် တင်ပြခဲ့ပေမယ့် ဘာမှတော့ ဖြစ်မလာသေးဘူး။ လမ်းကို ဒီအတိုင်းသာ ထားလိုက်မယ်ဆိုရင် ဒေသခံတိုင်းရင်းသားတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတွေ ဘက်ပေါင်းစုံက ကျဆင်းလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အမြန်ဆုံး ပြုပြင်ပေးစေ လိုပါတယ်” ဟု စေရင်းကျေးရွာမှ ဦးအေးရွှေက ပြောကြားသည်။

 

Most Read

Most Recent