World Environment Day ကို မြိတ်မြို့တွင်ကျင်းပပြီး ကျောင်းသားကျောင်းသူများ၏ ပြကွက်များကို ခင်းကျင်းပြသ

World Environment Day ကို မြိတ်မြို့တွင်ကျင်းပပြီး ကျောင်းသားကျောင်းသူများ၏ ပြကွက်များကို ခင်းကျင်းပြသ
Published 6 June 2018

ကျောင်းသားကျောင်းသူများ၏ ပြကွက်များကို ခင်းကျင်းပြသထားစဉ်

ဇွန် ၅ ရက်တွင်ကျရောက်သည့် World Environment Day ကိုမြိတ်မြို့တွင် ကျင်းပခဲ့ပြီး ကျောင်းသားကျောင်းသူများ၏ ပြကွက်များကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

သဘာဝပတ်ဝန်းကျင်ကို ချစ်တတ်လာအောင်၊ ပတ်ဝန်းကျင်ရှိ စွန့်ပစ်အမှိုက်များမှ ပြန်လည်အသုံးပြုနိုင်သည့် အိမ်သုံးပစ္စည်းများ၊ ကိရိယာများကို ပြန်လည်တပ်ဆင်ပြသသည့် ပြကွက်များ၊ အသိပညာပေးပိုစတာများကို ကျောင်းသားကျောင်းသူများ၏ ကိုယ်ပိုင်အသိပညာများဖြင့် ပြသခဲ့ကြောင်း သိရသည်။

မြိတ်မြို့ မြင်းမိုရ်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူများ၏ ပြကွက် ၂၀၀ ကျော် ပါဝင်ပြသခဲ့သလို ပုလဲရတနာခန်းမတွင်လည်း ကုလသမဂ္ဂမှ ပေးပို့သည့် သဝဏ်လွှာဖတ်ကြားခြင်း၊ အသိပညာပေး ဟောပြောခြင်း၊ ပြခန်းများပြသခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ရည်ရွယ်ချက်ကတော့ ကျွန်မတို့ရဲ့ ကလေးတွေ သဘာဝပတ်ဝန်းကျင်ကို ချစ်တတ်လာအောင်၊ ထိန်းသိမ်းတတ်လာအောင်၊ ကမ်းရိုးတန်းနဲ့ ဒီရေတောတွေကို ထိန်းသိမ်းတတ်လာအောင်၊ သစ်တောပြုန်းတီးမှုတွေ မရှိအောင်၊ ပြီးတော့ ပလတ်စတစ်ကို စနစ်တကျ စွန့်ပစ်တတ်အောင် ရည်ရွယ်ပါတယ်။ ပလတ်စတစ်ကြောင့် ကမ္ဘာကြီးက အတော်လေးကို ပျက်စီးနေပါပြီ။ ပြကွက်တွေကတော့ ခြောက်ကွက်ရှိတယ်။ အသင်းလိုက် အနေနဲ့ကျတဲ့ ခေါင်းစဉ်အလိုက် ပြတဲ့ပြခန်းတွေပါတယ်။ ကျောင်းသားကျောင်းသူတွေနဲ့ ဆရာ၊ ဆရာမတွေ ပူးပေါင်းပြီးတော့ စွန့်ပစ်ပစ္စည်းတွေနဲ့ ပြန်ပြီး တီထွင်ဖန်တီးထားတဲ့ ပြကွက်က ၂၀၀ ကျော်လောက်ရှိပါတယ်။ ပြခန်းလုပ်တဲ့အချိန်မှာလည်း ကလေးတွေ နဲ့ ဆရာ၊ဆရာမတွေ ပူးပေါင်းပြီး တကယ့်ပစ္စည်းအစစ်တွေအတိုင်း ပြင်ဆင်ထားတယ်။ အမှတ်ပေးတဲ့ ပုံစံတွေကတော့ ကျောင်းအုပ်ဆရာကြီးနဲ့ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေက အသင်းလိုက်ပြခန်းတွေအတွက် အမှတ်ပေးတယ်၊ ကျောင်းသားကျောင်းသူတွေ၊ ဆရာ ဆရာမတွေရဲ့ ပူးပေါင်းမှုအပေါ်မှာလည်း အမှတ်ပေးသွားပါတယ်” ဟု မြင်းမိုရ်ကိုယ်ပိုင်အထက်တန်းကျောင်း ကောင်စီဒုဥက္ကဋ္ဌ ဒေါ်အိအိလွင်က ပြောကြားသည်။

စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများနှင့် ပင်လယ်အတွင်း ပလတ်စတစ်အမှိုက်များ စွန့်ပစ်မှုများကြောင့် ကမ်းရိုးတန်းရှိ ရေနေသတ္တဝါများ၊ ဂေဟစနစ်များ ပျက်စီးခြင်း၊ လူနေမှုဘဝကို ထိခိုက်ခြင်းများရှိနေကြောင်း သိရသည်။

ကျောင်းသားကျောင်းသူများ ပိုမို သိရှိ နားလည်စေရန်နှင့် စွန့်ပစ်ပစ္စည်းများကို စနစ်တကျ အသုံးပြုတတ်စေရန် ယခုကဲ့သို့ ပြခန်းများ၊ တီထွင်ဖန်တီးမှုများက လာမည့် မျိုးဆက်များအတွက်သာမက ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းမှုအတွက်ပါ များစွာအရေး ပါသည့်အတွက် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent