<

တနင်္သာရီတိုင်းဒေသကြီးသို့ လာမည့်နှစ်နှစ်အတွင်း မဟာဓာတ်အားလိုင်း ရောက်ရှိတော့မည် ဖြစ်သောကြောင့် လျှပ်စစ်မီး တစ်ယူနစ်လျှင် ၃၅ ကျပ်မှ ကျပ် ၅၀ အတွင်းဖြင့် ရရှိနိုင်မည်ဖြစ်ကြောင်း ၀န်ကြီးချုပ်ပြောကြား

မြိတ်မြို့  မြင်ကွင်း

တနင်္သာရီတိုင်းဒေသကြီးသို့ လာမည့် နှစ်နှစ်အတွင်း မဟာဓာတ်အားလိုင်း ရောက်ရှိတော့မည် ဖြစ်သောကြောင့် လျှပ်စစ်မီး တစ်ယူနစ်လျှင် ၃၅ ကျပ်မှ ကျပ် ၅၀ အတွင်းဖြင့် ရရှိနိုင်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်သည် ဇွန် ၄ ရက်တွင် မြိတ်မြို့ရှိ ပြည်သူများနှင့် တွေ့ဆုံကာ လူမှုစီးပွားရေး လုပ်ငန်းများ အတွက် လာရောက်ဆွေးနွေးခဲ့ပြီးနောက် မီဒီယာများ၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြိတ်မြို့တွင် လျှပ်စစ်မီးဈေးနှုန်း တဖြည်းဖြည်း တက်လာနေပြီး တစ်ယူနစ်လျှင် ကျပ် ၄၀၀ ကျော်အထိ ရောက်ရှိလာကာ လောင်စာဆီဈေးနှုန်းအရ လျှပ်စစ်မီတာခများ ထပ်တိုးလာဖွယ် ရှိနေကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဒေသခံများကလည်း ၀န်ကြီးချုပ်ကို မေးခွန်းထုတ်ခဲ့သလို တိုင်းအစိုးရမှလည်း လျှပ်စစ်ဈေးနှုန်း တည်ငြိမ်ကျဆင်းအောင် ဆောင်ရွက်နေသည့် အနေအထားများကို ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။

“၃၅ ကျပ်၊ ၅၀ လောက်နဲ့ ရနိုင်တယ်။ မဟာဓာတ်အားလိုင်းကတော့ ကျွန်မထင်တယ်။ လိုင်းဆွဲနေပြီ မော်လမြိုင်ကနေပြီးတော့ တစ်နှစ်ခွဲ၊ နှစ်နှစ်လောက်ကြာမယ်။ အဲဒါပြီးရင်တော့ ၃၅ ကျပ်လောက်နဲ့ ရနိုင်ပါလိမ့်မယ်” ဟု တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်က ပြောကြားသည်။

လက်ရှိအနေထားတွင် တနင်္သာရီတိုင်း ဒေသကြီးအတွင်း မီတာခ နှုန်းထားများကို တစ်မြို့နှင့် တစ်မြို့ပင် ညီမျှစွာ ပေးဆောင်ရခြင်း မရှိဘဲ ထားဝယ်တွင် တစ်ယူလျှင်ကျပ် ၂၀၀ ကျော်သာရှိပြီး မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တွင် ဈေးနှုန်းကြီးမြင့်စွာဖြင့် သုံးစွဲနေရကြောင်း၊ မြိတ်ခရိုင် မြိတ်မြို့တွင် တစ်ယူနစ်လျှင် ၄၀၅ ကျပ်၊ တနင်္သာရီမြို့နယ်တွင် ကျပ် ၄၃၀၊ မောတောင်မြို့တွင် ၅၁၅ ကျပ် အထိရှိနေပြီး ကော့သောင်းမြို့နယ် ပလုံးတုံတုံး ကျေးရွာတွင် တစ်ယူနစ် ကျပ် ၉၀၀ အထိ ပြည်သူများ ပေးဆောင်နေရကြောင်း သိရသည်။

“ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်တဲ့ မြိတ်မြို့မှာ ရေလုပ်ငန်းနဲ့ ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး ၀င်ရောက်လာဖို့ရှိတယ်။ ဒါပေမဲ့ လျှပ်စစ်မီး ဈေးနှုန်းကြီးမြင့်မှုကြောင့် ရင်းနှီးမြှုပ်နှံသူတွေ လက်တွန့်နေကြတယ်။ ဒေသဖွံ့ဖြိုးရေးအတွက် အရမ်းနစ်နာတယ်။ ဂက်စ်ထွက်တဲ့ဒေသဖြစ်ပြီး လျှပ်စစ်မီးကို ဒီဇယ်ဆီနဲ့ မောင်းနေရတယ်။ လာမယ့် ခြောက်လအတွင်းမှာ ဒီထက်တက်လာဖို့ ရှိသေးတယ်။ တိုင်းဒေသကြီးအစိုးရက လုပ်ဆောင်နေပေမယ့် ပြည်ထောင်စုအစိုးရက ဒါကိုအခုထိ ဆောင်ရွက်ပေးခြင်း မရှိသေးဘူး။ ဒေသအနေနဲ့ အရမ်းနစ်နာပါတယ်” ဟု မြိတ်မြို့ခံတစ်ဦးက ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် အနေဖြင့် စတင်တာဝန်ယူသည့် အချိန်တွင် တနင်္သာရီမြို့ရှိ ဒေသခံများနှင့် တွေ့ဆုံရာတွင် တနင်္သာရီတိုင်း ဒေသကြီးအတွင်း လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ကျပ် ၁၀၀ အောက်ရရှိရန် အစိုးရသက်တမ်း ငါးနှစ်အတွင်း အပြီးဆောင်ရွက်ပေးမည်ဟု ကတိပြု ပြောကြားထားသည်။

လာမည့်နှစ်နှစ်အတွင်း မဟာဓာတ်အားလိုင်း ရောက်ရှိပြီး လျှပ်စစ်မီး တစ်ယူနစ် လျှင် ၃၅ ကျပ်မှ ကျပ် ၅၀ အတွင်း ရရှိနိုင်မည်ဟု ပြောကြားချက်အရ အစိုးရသက်တမ်း ကုန်ဆုံးမည့် ၂၀၂၀ ပြည့်နှစ်တွင် ကတိပေး ပြောကြားချက်အတိုင်း ဆောင်ရွက်နိုင်မှု ရှိ မရှိကို ဒေသခံများ စောင့်ကြည့်နေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်မီးရရှိမှု အခြေအနေတွင် အာဆီယံနိုင်ငံများအနက် အောက်ဆုံးတွင် ရှိနေပြီး နိုင်ငံတကာစွမ်းအင် အေဂျင်စီ၏ ၂၀၁၇ ခုနှစ် အစီရင်ခံစာအရ လျှပ်စစ်မီး မရှိသူ ၂၃ သန်း ရှိနေကြောင်း သိရသည်။

June 5, 2018














Copy Protected by Chetan's WP-Copyprotect.