ဧရာဝတီတိုင်းဒေသကြီးအတွင်း ဒေသအချို့တွင် ဝါးပန်းများပွင့်နေသောကြောင့် စိုက်ပျိုးရာသီတွင် ကြွက်များအစုလိုက်ကျရောက်နိုင်ကြောင်း စိုက်ပျိုးရေးဌာနမှ သတိပေးချက်ထုတ်ပြန်

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဒေသအချို့တွင် ဝါးပန်းများပွင့်နေသောကြောင့် စိုက်ပျိုးရာသီတွင် ကြွက်များအစုလိုက်ကျရောက်နိုင်ကြောင်း စိုက်ပျိုးရေးဌာနမှ သတိပေးချက်ထုတ်ပြန်
Published 6 June 2018

၂၀၁၇ ခုနှစ် ဇွန်လဆန်းပိုင်းက ငပုတောမြို့နယ် အနောက်ဘက်ကမ်းခြေတစ်လျှောက်ရှိ ကျေးရွာများတွင် ကြွက်များကျရောက်ခဲ့စဉ်

ဧရာဝတီတိုင်းဒေသကြီးအတွင်း မြောင်းမြမြို့နယ်နှင့် လပွတ္တာမြို့နယ်နှစ်ခုအကြား ဝါးတောများထဲတွင် ဝါးပန်းများပွင့်နေသည် ကိုတွေ့ရှိရသောကြောင့် သီးနှံစိုက်ပျိုးရာသီချိန်၌ ကြွက်များ အစုလိုက်ကျရောက် ဖျက်ဆီးမှုများရှိလာနိုင်ကြောင်း စိုက်ပျိုးရေး ဦးစီးဌာနမှ သတိပေးချက်ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။

၂၀၁၇ ခုနှစ် မတ်လအတွင်းကလည်း မော်တင်-ပုသိမ် ကားလမ်းမကြီးဘေးရှိ ဝါးတောများတွင် ဝါးပန်းပွင့်သောကြောင့် ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့နှင့် အနောက်ဘက်ကမ်းခြေတစ်လျှောက်ရှိ ကျေးရွာများ၌ ကြွက်ဝမ်းဖြူများ အကောင်ရေသိန်းနှင့်ချီကာ ကျရောက်ခဲ့ပြီး ဒေသခံများစိုက်ပျိုးထားသည့် သီးနှံများကို ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ယခုနှစ် မေလအတွင်းတွင်လည်းမြောင်းမြမြို့နှင့် လပွတ္တာမြို့အကြားရှိ ဝါးတောများထဲတွင် ဝါးပန်းများပွင့်နေသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ဝါးပန်းပွင့်ပြီး ရက် ၃၀ မှ ၄၅ ရက်အတွင်း ဝါးပန်းပွင့်များကိုလာရောက် စားသောက်သည့် ကြွက်များ ရောက်ရှိလာတတ်ပြီး ဝါးပန်းပွင့်များ စားသောက်၍ကုန်ပါက ဒေသခံများစိုက်ပျိုးထားသည့် သီးနှံများကိုပါ ကိုက်ဖြတ်စားသောက် ဖျက်ဆီးခြင်းများ ပြုလုပ်တတ်ကြောင်း၊ ထို့ကြောင့် ဒေသခံများအနေဖြင့် မိမိတို့ စိုက်ပျိုးထားသော သီးနှံစိုက်ခင်းများကို အချိန်ပြည့်စောင့်ကြည့်ရန် လိုအပ်ပြီး ကြွက်များကျရောက်လာပါက  ကြွက်ထောင်ချောက်များ တပ်ဆင်ခြင်း၊ ကြွက်ထောင်ပုံးများ မြှုပ်နှံခြင်း၊ သီးနှံစိုက်ခင်းများကို သန့်ရှင်းရေးများ ပြုလုပ်ခြင်းနှင့် သီးနှံခင်း အနီးပတ်ဝန်းကျင်အား သန့်ရှင်းရေးများ ပြုလုပ်ထားရန် လိုအပ်ကြောင်း သိရသည်။

“ကျွန်တော်တို့ မေလဆန်းလောက်မှာ လပွတ္တာနဲ့ မြောင်းမြမြို့အကြားက ဝါးတောတွေမှာ ဝါးပန်းပွင့်တာကိုတွေ့ရတယ်။ ဒါကြောင့်မို့ ဒီနှစ်ကြွက်ကျရောက်မှုဟာ ဝါးပန်းပွင့်ပြီး တစ်လတစ်လခွဲကြာတဲ့အခါမှာ ကြွက်ကျရောက် ဖျက်ဆီးနိုင်တယ်လို့ ကျွန်တော်တို့ အတွေ့အကြုံအရ ခန့်မှန်းထားတာပေါ့။ အဲဒါကြောင့် ကျွန်တော်တို့ ဝါးပန်းပွင့်တာကိုတွေ့တွေ့ချင်းမှာ ကြွက်ကျရောက်မှုတွေကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ကြိုတင်သတိပေးချက်အနေနဲ့ ကြွက်ကာကွယ် ရေးလုပ်ငန်းတွေကို ကြိုတင်လုပ်ဆောင်ဖို့ ဆိုပြီးတော့ တိုင်းစိုက်ပျိုးရေးဦးစီးဌာနက နေပြီးတော့ ညွှန်ကြားချက်နဲ့ သတိပေးချက်  ထုတ်ပြန်ထားတာပေါ့။ ခရိုင်အဆင့် သီးနှံကာကွယ်ရေး တာဝန်ခံများကနေပြီးတော့  ကြွက်ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေကို သီးနှံများ မစိုက်ပျိုးမီမှာ တောင်သူတွေကို  ကြိုတင်ပြီးတော့ ပညာပေးဖို့အတွက် လှုံ့ဆော်တယ်။ တောင်သူတွေကို ပညာလည်း ပေးခဲ့ပါတယ်။ မနှစ်ကတော့ ငပုတောနဲ့ ပုသိမ်အကြား မော်တင်-ပုသိမ် ကားလမ်းမကြီးရဲ့ ဘေးတောတွေမှာ ဝါးပန်းတွေပွင့်ပြီးတော့ ဝါးပန်းပွင့်ပြီး တစ်လခွဲလောက်အကြာမှာ အစာရေစာရှားပါးတဲ့ အတွက်ကြောင့်မို့  ကြွက်ဝမ်းဖြူမျိုးစိတ်တွေဟာ ဒေသတစ်ခုက နေတစ်ခုကိုပြောင်းရွှေ့တဲ့ပုံစံ ဖြစ်ပေါ်ခဲ့တာပါ။ အဲဒီအချိန်မှာ သီးနှံစိုက်ပျိုးမှုမရှိသေးတဲ့ ကာလဖြစ်တဲ့အတွက် ပင်လယ်ကမ်းခြေအထိ ဆင်းပြီးတော့ အစာရှာတဲ့ပုံစံမျိုးနဲ့  ကြွက်တွေအများကြီး ရောက်ရှိလာတာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ ဒေသခံ NGO တွေ၊ အဖွဲ့အစည်းတွေနောက် ပြည်သူတွေ နှိမ်နင်းတဲ့အတွက်ကြောင့် ဒီနှစ်မှာတော့ အဲဒီဘက်ခြမ်းမှာ ကြွက်အစုလိုက် အပြုံလိုက် ရွှေ့ပြောင်းတဲ့ပုံကို မတွေ့ရတော့ပါဘူး” ဟုဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးတာဝန်ခံ ဦးဝင်းစိုးက ပြောကြားသည်။

၂၀၁၇-၂၀၁၈ ခုနှစ် မိုးရာသီစပါးစိုက် ပျိုးရာသီချိန်တွင် ကျောင်းကုန်း၊ ကျုံပျော်၊ ဟင်္သာတ၊ ဇလွန်နှင့် ပုသိမ်မြို့နယ်များတွင် ကြွက်ဖလောင်းများနှင့် ကြွက်ဝမ်းဖြူများ ကျရောက်မှုခဲ့ကြောင့် လယ်မြေဧကပေါင်း ၄၆ ဒသမ ၃၅ ဧကခန့် ထိခိုက်မှုများရှိခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

Most Read

Most Recent