ခြောက်ဘီးယာဉ်နှင့် ခရီးသည်တင် လိုက်ထရပ်ယာဉ်တစ်စီး မျက်နှာချင်းဆိုင် တိုက်မိရာ လူ ၇ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရ

ခြောက်ဘီးယာဉ်နှင့် ခရီးသည်တင် လိုက်ထရပ်ယာဉ်တစ်စီး မျက်နှာချင်းဆိုင် တိုက်မိရာ လူ ၇ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရ
Published 5 June 2018

ဓာတ်ပုံ - သုခကာရီ rescue

စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေး ကားလမ်း၊ ကုန်းရွာမြစ်ရေတင် စီမံကိန်းအနီး ခြောက်ဘီးယာဉ်နှင့် ခရီးသည်တင် လိုက်ထရပ်ယာဉ် မျက်နှာချင်းဆိုင်တိုက်မိရာ လူ ၇ ဦးသေဆုံးပြီး ၉ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဇွန် ၅ တွင် စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

"စစ်ကိုင်းဆေးရုံမှာ ကျားတစ်ဦး၊ မလေးဦး ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့ပြီး မန္တလေးဆေးရုံကြီးကို လွှဲလိုက်တဲ့ လူနာထဲက ကျားတစ်ဦး မတစ်ဦး ထပ်သေဆုံးခဲ့ပါတယ်'' ဟု စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။

ဇွန်လ ၅ ရန်၊ နံနက် ၁၁ နာရီခွဲအချိန်က စစ်ကိုင်းမြို့နယ် မုံရွာ-မန္တလေးကားလမ်း၊ ကုန်းရွာကျေးရွာ မိုင်တိုင် အမှတ် (၂၃/၁) နှင့် (၂၃/၂) ကြား စစ်ကိုင်းမှ အုန်းတောဘက်သို့ ယာဉ်မောင်း လေးမင်း (၄၀) နှစ် ရွှေတောင်ကွက်သစ်၊ ချောင်းဦးမြို့ မောင်းနှင်လာသော MDY 8H/.... Light Truck ဖြူပြာရောင် ခရီးသည်တင်ယာဉ်နှင့် မုံရွာမှ စစ်ကိုင်းဘက်သို့ မောင်းနှင်လာသော အမည်မသိ (စုံးစမ်းဆဲ) မောင်းနှင်လာသော BGO 6P/.... Canter ခြောက်ဘီး ဖြူနီကြားယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိရာ ခရီးသည်တင် လိုက်ထရပ် ယာဉ်ပေါ်ပါ ခရီးသည် ၁၆ ဦးအနက် ကျား ၂ ဦး မ ၅ ဦး စုစုပေါင်း ၇ ဦး သေဆုံးခဲ့ကာ လိုက်ထရပ်ယာဉ်မောင်း လေးမင်း အပါအဝင် ခရီးသည် ၉ ဦးသည် စစ်ကိုင်းဆေးရုံကြီးနှင့် မန္တလေးဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုတွင် ခြောက်ဘီးယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင် သွားသဖြင့် ဖမ်းဆီးရမိရေးနှင့် အမှုဖွင့် အရေးယူ ဆောင်ရွက်နိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။

 

Most Read

Most Recent