နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရတိုင်း အောင်မြင်မှုမရှိဘဲ မလုပ်စေချင်ကြောင်းနှင့် ထိရောက်ပြီး အကျိုးရှိသည့် ချေးငွေများ ရယူပြီး ရင်းနှီးမြှုပ်နှံမှုများကို လက်ခံချင်ကြောင်း စီမံဘဏ္ဍာဝန်ကြီးသစ် ဦးစိုးဝင်းပြောကြား

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရတိုင်း အောင်မြင်မှုမရှိဘဲ မလုပ်စေချင်ကြောင်းနှင့် ထိရောက်ပြီး အကျိုးရှိသည့် ချေးငွေများ ရယူပြီး ရင်းနှီးမြှုပ်နှံမှုများကို လက်ခံချင်ကြောင်း စီမံဘဏ္ဍာဝန်ကြီးသစ် ဦးစိုးဝင်းပြောကြား
Published 5 June 2018

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရတိုင်း အောင်မြင်မှုမရှိဘဲ မလုပ်စေချင်ကြောင်းနှင့် ထိရောက်ပြီး အကျိုးရှိသည့် ချေးငွေများ ရယူပြီး ရင်းနှီးမြှုပ်နှံမှုများကို လက်ခံချင်ကြောင်း စီမံဘဏ္ဍာဝန်ကြီးသစ် ဦးစိုးဝင်းက ပြောကြားသည်။

နေပြည်တော်၌ ဇွန် ၅ ရက်ကပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး သတ္တမနေ့ လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်တွင် မီဒီယာများအား အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော့ အနေနဲ့ကတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ရတိုင်းကို ကျွန်တော် လွယ်လွယ်ကူကူ အောင်မြင်မှု မရှိဘဲနဲ့တော့ မလုပ်စေချင်ဘူး။ ထိထိရောက်ရောက်နဲ့ အကျိုးရှိတဲ့ ချေးငွေတွေ ယူပြီးတော့မှ ရင်းနှီးမြှုပ်နှံမှုတွေကို လက်ခံချင်တယ်။ စိတ်အေးလက်အေးနဲ့နေပါ။ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်။ စိတ်အေးလက်အေး နေပြီးတော့ ကျွန်တော်တို့ ကြိုးစားမှုကို စောင့်ကြည့်ပါလို့ မေတ္တာရပ်ခံချင်တယ်" ဟု ဦးစိုးဝင်း ပြောကြားသည်။

 

အသက် ၈၀ ရှိပြီဖြစ်သော စီမံဘဏ္ဍာဝန်ကြီးသစ် ဦးစိုးဝင်းသည် ယနေ့ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက ရှေ့မှောက်၌ ကတိသစ္စာ ပြုခဲ့ခြင်းဖြစ်သည်။

၎င်း၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ ဦးစိုးဝင်းက "စိုးရိမ်သင့်ပါတယ်။ ကွေးသောလက် မဆန့်မီ ဆန့်သောလက် မကွေးမီ အချိန်မရွေး ဖြစ်သွားနိုင်ပါတယ်။ ကျွန်တော်တို့ အသက်အရွယ်နဲ့ပေါ့။ ကျွန်တော် ကျန်းမာရေးကိုတော့ အထူးဂရုစိုက်ပြီး နေပါတယ်" ဟု မီဒီယာများကို ပြောကြားခဲ့သည်။

ထို့ပြင် လက်ရှိတိုင်းပြည်၏ စီးပွားရေး အခြေအနေသည် ပုံမှန်အားဖြင့် အနည်းငယ် တိုးတက်နေကြောင်းနှင့် ဝန်ကြီးဌာနများသည် တစ်ဖက်နှင့်တစ်ဖက် တစ်ဦးနှင့်တစ်ဦး ဌာနတစ်ခုနှင့် တစ်ခု အထောက်အကူပြုသွားရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးသစ်က ပြောကြားသည်။

ဦးစိုးဝင်းသည် ၁၉၃၈ ခုနှစ်တွင် မော်လမြိုင်မြို့၌ မွေးဖွားခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ စီးပွားရေး ကော်မတီဝင် တစ်ဦးလည်းဖြစ်သည်။ လက်ရှိအချိန်တွင် Deloitte Touche Myanmar Vigour Advisory Limited တွင် လုပ်ကိုင်လျက်ရှိပြီး ဝိဇ္ဇာ၊ ဥပဒေဝိဇ္ဇာ၊ စီမံခန့်ခွဲရေး ဒီပလိုမာ(BA,BL,DMA) တို့ကို ရရှိထားသူဖြစ်ကာ ရန်ကုန်ြမြို့၊ မရမ်းကုန်းမြို့နယ်၊ မစိုးရိမ်ကျောင်းလမ်းတွင် နေထိုင်လျက်ရှိကြောင်း သိရသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းအနေဖြင့် ၎င်း၏ သဘောဆန္ဒ အလျောက် မေ ၂၅ ရက်တွင် ရာထူးမှ နုတ်ထွက်သွားသောကြောင့် ဦးစိုးဝင်းအားခန့်အပ်ရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့လာခြင်းဖြစ်သည်။

 

 

Most Read

Most Recent