မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ ယာဉ်မောင်းဖြစ်သူ ယာဉ်တိုက်မှုဖြင့် အဖမ်းခံထားရ

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ ယာဉ်မောင်းဖြစ်သူ ယာဉ်တိုက်မှုဖြင့် အဖမ်းခံထားရ
Published 5 June 2018

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ယာဉ်မောင်းဖြစ်သူ ယာဉ်တိုက်မှုဖြင့် အဖမ်းခံထားရကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုမှာ ဇွန် ၂ ရက် နံနက် ၅ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၆၂ လမ်း၊ ၃၅-၃၆ လမ်းကြားတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ယာဉ်မောင်းဖြစ်သူ ဦးအေးသိန်းမှာ ၆၂ လမ်းအတိုင်း တောင်မှ မြောက်သို့မောင်းနှင်လာစဉ် ယင်းလမ်းအရှေ့မှအနောက်သို့ လမ်းဖြတ်ကူးသည့် အမျိုးသမီးတစ်ဦးအား အရှိန်မထိန်းနိုင်ဘဲ တိုက်မိခဲ့ခြင်းဖြစ်ပြီး အဆိုပါအမျိုးသမီးမှာ သေဆုံးခဲ့ကြောင်း သိရသည်။

“ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး ယာဉ်ထိန်းက စစ်ချက်ယူတာတွေ လုပ်နေတယ်။ ယာဉ်မောင်းကိုလည်း အဲဒီနေ့ညနေပိုင်းက ဖမ်းဆီးထားပါတယ်” ဟု မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့သူမှာ မဟာအောင်မြေမြို့နယ် ၃၅ လမ်း ၆၁ လမ်း နှင့် ၆၂ လမ်း နေထိုင်သူဒေါ်ဆိုင်ဖင် (၆၀နှစ်) ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ လူ့အသက်သေသည်အထိ မဆင်မခြင်မောင်းနှင်သော 1D/3775Mitsubitshi Lancer အနက်ရောင် ယာဉ်မောင်းဖြစ်သူ ဦးအေးသိန်းအား မဟာအောင်မြေမြို့နယ် အမှတ် ၉ မြို့မရဲစခန်းက ယာဉ်(ပ) ၂၂/၂၀၁၈ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၄(က) ဖြင့် အမှုဖွင့်ဆောင်ရွက်ထား ကြောင်း သိရသည်။

Most Read

Most Recent