ယခင်တည်ဆောက်ခဲ့သည့် ကြိုးတံတားအများစုကို အသစ်ပြန်လည်တည်ဆောက်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

ယခင်တည်ဆောက်ခဲ့သည့် ကြိုးတံတားအများစုကို အသစ်ပြန်လည်တည်ဆောက်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 5 June 2018

ယခင်တည်ဆောက်ခဲ့သည့် ကြိုးတံတားအများစုကို အသစ်ပြန်လည်တည်ဆောက်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားသည်။

ဇွန် ၄ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာသည့် ပြည်ထောင်စုဝန်ကြီးအား ကြိုးတံတားများနှင့်ပတ်သက်ပြီး ဖြေကြားပေးရန် သတင်းထောက်များက မေးမြန်းရာတွင် ၎င်းက ထိုသို့ပြောကြားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က “ကြိုးတံတားတွေကိုတော့ တရုတ်ပညာရှင်တွေ၊ ကိုရီးယားက ပညာရှင်တွေနဲ့ စစ်ဆေးနေပါတယ်။ ကျန်တဲ့ တံတားတွေကိုလည်း ပြည်တွင်းပညာရှင်တွေနဲ့ လိုက်လံစစ်ဆေးနေပါတယ်။ နိုင်ငံခြားသားသွားဖို့ ခက်ခဲတဲ့နေရာတွေကိုတော့ မြန်မာတွေပဲ သွားစစ်နေပါတယ်။ လောလောဆယ် ပဏာမစစ်ဆေးချက်အရ သံချေးတက်ပြီး အန္တရာယ်များတဲ့ မကွေးတိုင်းဒေသကြီးထဲက မဲဇလီကြိုးတံတားကို စစ်ဆေးနေတယ်။ ပုသိမ်-မုံရွာလမ်းပေါ်မှာ ရှိတယ်။ အဲဒီတံတားကို အမြန်ဆုံးပြန်လည်တည်ဆောက်ဖို့ စီစဉ်နေပါတယ်။ အစားထိုးဆောက်ဖို့အတွက် ယာယီလမ်းလွှဲတံတားတောင် ထိုးပြီးပြီ။ အဲဒီနေရာမှာ ကြိုးတံတားကိုဖြုတ်ပြီးတော့ သံပေါင်တံတားတည်ဆောက်ဖို့ စီစဉ်နေပါတယ်။ ကျန်တဲ့တံတားတွေကိုလည်း ပဏာမ အစီရင်ခံစာအရ အားနည်းပြီး အန္တရာယ်ရှိနိုင်တဲ့ တံတားတွေရှိနိုင်တာပေါ့။ အဲဒီတံတားတွေကို ကားတွေဖြတ်သန်းတဲ့အခါမှာ ကားတွေရဲ့ တန်ချိန်လျှော့ခိုင်းထားတယ်။ အရင်က တန် ၂၀ ခွင့်ပြုခဲ့တယ်ဆိုရင် အခုဆိုရင် ၁၃ တန်ပဲ ခွင့်ပြုတော့တယ်။ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ကို ဖြတ်သန်းတဲ့ ဂျိုင်း- ဇာသပြင်ကြိုးတံတားမှာလည်း ကားတွေကို ဝိတ်လျှော့ပြီး ဖြတ်သန်းခိုင်းထားပါတယ်။ ရခိုင်ပြည်နယ်မှာလည်း တံတားတစ်စင်းက အဲဒီလိုဖြစ်နေတယ်။ ကျန်တဲ့တံတားတွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီးတော့လည်း ပညာရှင်တွေရဲ့ တင်ပြချက်တွေက ဒီဇွန်လထဲမှာ ထွက်လာမယ်။ အဲဒီတင်ပြချက်အပေါ် မူတည်ပြီးတော့ ဦးစားပေးအစီအစဉ်နဲ့ တချို့လဲသင့်တဲ့တံတားတွေကို လဲသွားမှာပေါ့။ ကြိုးတံတားတော်တော်များများကိုတော့ အသစ်ဆောက်မယ်။ တချို့တံတားတွေက ကောင်းပါတယ်။ တော်တော်ကောင်းတဲ့ အနေအထားရှိတဲ့ တံတားတွေလည်းရှိတယ်။ စောစောပိုင်းတုန်းက ဆောက်ခဲ့တဲ့တံတားတွေက အမြန်ဆောက်ခဲ့တာလည်းပါတယ်။ အဲဒီအချိန်တုန်းက အဲဒီအခြေအနေပေါ်မူတည်ပြီး ဆောက်ခဲ့တဲ့အတွက် အားနည်းချက်တွေ ရှိခဲ့တယ်။ အားနည်းချက်တွေရှိခဲ့တဲ့အတွက် ပြန်ပြီးတော့ အစားထိုးဆောက်ဖို့ လုပ်နေပါတယ်။ ပညာရှင်တွေက တိုင်းတာမှုတွေတော့ လုပ်ပြီးပြီ။ Report မထွက်သေးဘူး။ သူတို့ရဲ့ ထောက်ခံချက်၊ မှတ်ချက်တွေနဲ့ တင်ပြချက်တွေအပေါ်မူတည်ပြီး ဆက်လက်ဆောင်ရွက်မှာပါ” ဟု သတင်းထောက်များအား ပြောကြားသည်။

မြောင်းမြကြိုးတံတား ပြတ်ကျပြီးနောက်ပိုင်း ကြိုးတံတား ၂၉ စင်းအား စစ်ဆေးလျက်ရှိပြီး တံတားနှစ်စင်းမှာ အဆိုးဆုံးဖြစ်နေသည်ဟု တရုတ်ပညာရှင်များက ထောက်ပြထားကြောင်း၊ လက်ရှိအချိန်တွင် ကြိုးတံတား ၂၉ စင်းအား တရုတ်နိုင်ငံမှ ပညာရှင်များဖြင့် စစ်ဆေးလျက်ရှိကြောင်း၊ စစ်ဆေးမှုများပြီး စီးပါက ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ တံတား ၂၉ စင်း၏ အခြေအနေများကိုလည်း ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက မေ ၁၅ ရက်တွင်  ပြောကြားသည်။

“အခုလက်ရှိမှာ ကြိုးတံတားက တစ်နိုင်ငံလုံးမှာ ၂၉ စင်းရှိပါတယ်။ အဲဒီ ၂၉ စင်းရဲ့ ကြံ့ခိုင်ရေးတွေကို အစအဆုံးပြန်လည် စစ်ဆေးနေပါတယ်။ စိစစ်တဲ့နေရာမှာ ကျွန်တော်တို့ရဲ့ မူလစစ်နိုင်တဲ့ အနေအထားက ဘာပဲရှိလဲဆိုတော့ အပြင်မှာမြင်နေရတဲ့ ကြိုး၊ ဘေလီတွေ၊ စတီးသံပေါင်တွေ၊ အခင်းတွေ ဒါတွေကိုပဲ စစ်နိုင်တဲ့အတွက် ဒါနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ငါးနှစ်တာကာလကတည်းက စစ်နေခဲ့တာပါ။ တစ်နှစ်နှစ်ကြိမ် စစ်ဆေးရေးဝင်ပါတယ်။ အပြစ်အနာအဆာတွေ တွေ့တာကိုလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြင်ဆင်ခဲ့တာ တွေရှိတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက မေ ၁၅ ရက်တွင် ပြောကြားသည်။

ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများ ရှိသည့်အတွက် မိုးပျံတံတား ဆောက်လုပ်ရန် စီစဉ်နေကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်ရမည်ဖြစ်သော်လည်း ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် ဝိုင်းကူပြီးလုပ်ပေးရန် အစီအစဉ်ရှိကြောင်း၊ ပထမအဆင့်အနေဖြင့် ဗိုလ်တထောင်ဘက်မှ သုဝဏ္ဏကိုဖြတ်ပြီး လေဆိပ်အထိ ပထမအဆင့်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီရှာနေကြောင်း၊ International Finance Company ၏ အကူအညီဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အကောင်အထည်ဖော်မှုသည် တဖြည်းဖြည်းချင်းဖြစ်လာမည်ဖြစ်ပြီး ရုတ်တရက် ဖြစ်ချင်မှဖြစ်မည်ဖြစ်ကြောင်း၊ တင်ဒါခေါ်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လာရောက်လျှောက်ထားသည့် ကုမ္ပဏီများကိုကြည့်ကာ မည်သည့်ကုမ္ပဏီက လုပ်နိုင်မည်ဆိုသည်ကို အကဲဖြတ်မည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကပိုင်းကိုသာ လုပ်ခိုင်းမည်ဖြစ်ပြီး နိုင်ငံခြားမှ စိတ်ဝင်စားသည့်ကုမ္ပဏီများရှိသည်ဟု ကြားထားကြောင်း၊ မိုးပျံလမ်းတည်ဆောက်ရန်အတွက် နိုင်ငံခြားပညာရှင်များနှင့် တိုင်ပင်နေကြောင်း၊ ရင်းနှီးမြှုပ်နှံမှုအနေဖြင့် အများအပြား ကုန်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ဇွန် ၄ ရက်တွင် သတင်းထောက်များအား ပြောကြားသည်။

Most Read

Most Recent