၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကျင်းပနိုင်ရေးအတွက် NCA ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အစည်းအဝေး ရက်ပိုင်းအတွင်းပြုလုပ်မည်ဖြစ်ပြီး ညီလာခံတွင် လုံခြုံရေးကဏ္ဍဆိုင်ရာ DDR/SSR ကိစ္စရပ်များ ဆွေးနွေးရန်သဘောတူထား

၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကျင်းပနိုင်ရေးအတွက် NCA ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အစည်းအဝေး ရက်ပိုင်းအတွင်းပြုလုပ်မည်ဖြစ်ပြီး ညီလာခံတွင် လုံခြုံရေးကဏ္ဍဆိုင်ရာ DDR/SSR ကိစ္စရပ်များ ဆွေးနွေးရန်သဘောတူထား
Published 5 June 2018

မေ ၃၁ ရက်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် လုံခြုံရေးကဏ္ဍဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-Myo Win Facebook)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးအား ယခုလကုန်တွင် ကျင်းပနိုင်ရေးအတွက် NCA ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ယခုရက်ပိုင်းအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

အဆိုပါအစည်းအဝေးကို ဇွန် ၁၁ ရက်၌ ပြုလုပ်ရန် လျာထားပြီး အစည်းအဝေးတွင်  ငြိမ်းချမ်းရေးညီလာခံကျင်းပမည့်ရက်ကို အဆုံးအဖြတ်ပေးမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

“အလွတ်သဘောအဖွဲ့က သဘောတူထားပြီးသားဆိုတော့ ကျွန်တော်တို့က တရားဝင်အတည်ပြုပေးရုံပါပဲ။ အလွတ်သဘောမှာ တွေ့တယ်။ ရတဲ့အချက်ကို တရားဝင်ဖြစ်အောင် လုပ်ပေးတယ်။ ဒါပါပဲ။ သိပ်တော့ ပြောင်းလဲဖို့ မရှိပါဘူး။ ကြားထဲမှာတော့ UPDJC အလုပ်တွေရှိမယ်။ တရားဝင်က UPDJC က ဒီပွဲတွေကို ကွပ်ကဲရတာကိုး။ အဲဒါကြောင့် UPDJC ရဲ့ အတွင်းရေးမှူးအဖွဲ့ အစည်းအဝေး၊ UPDJC တစ်ခုလုံးရဲ့အစည်း အဝေး၊ လမ်းညွှန်ချက်ပြီးတော့ အဲဒီ UPDJC အောက်မှာရှိတဲ့ ကဏ္ဍငါးရပ်ရဲ့ လုပ်ငန်းကော်မတီဆိုတာ ရှိသေးတယ်။ အဲဒီလုပ်ငန်း ကော်မတီကလည်း ၁၅ ရက်လိုတယ်။ နှစ်ပတ်အချိန်တောင်းတယ်။ သူတို့က ရရှိလာတဲ့ ခေါင်းစဉ်တွေကို အကျေအလည်ဆွေးနွေးပြီးတော့ တော်တော်လေးနီးစပ်မှ ညီလာခံကို တင်တာပေါ့ဗျာ။ အဲဒီအလုပ်အတွက် သူတို့ကလည်း ၁၅ ရက် တောင်းတာရှိတယ်။ ဒါကြောင့် အားလုံးကိုတော့ ခပ်သုတ်သုတ် ခပ်သွက်သွက်လုပ်မှ ဒီလ ၃၀ မှာ (ညီလာခံလုပ်ဖို့) မီမှာပေါ့ဗျာ” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

၂၁ ရာစု ပင်လုံတတိယအစည်းအဝေး ကျင်းပနိုင်ရေးအတွက် အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တတိယအကြိမ် အလွတ်သဘော တွေ့ဆုံဆွေးနွေးရေးအဖွဲ့တို့ မေ ၃၀ ရက် နှင့် ၃၁ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အဆိုပါအစည်းအဝေးတွင် ညီလာခံကျင်းပမည့်ရက်ကို နှစ်ဖက်သဘောထားများ စုစည်းနိုင်ခဲ့ကာ ယခုကျင်းပမည့်ညီလာခံတွင် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးကဏ္ဍ (DRR/SSR) ကို အစုံလိုက် ဆွေးနွေးရန် ကနဦးသဘောတူညီချက်ရရှိထားကြောင်း သိရသည်။

“DDR/SSR ကို တစ်စုံလုံးကို ဆွေးနွေးမယ်လို့ သဘောထားကြပါတယ်။ အရင်တုန်းက တိုင်းရင်းသားတွေက SSR ပဲဆွေးနွေးမယ်။ တပ်မတော်က DDR ပဲ ဆွေးနွေးမယ်။ အခု အဲဒီနှစ်ခုပေါင်းလိုက်ပြီးတော့ DDR ရော SSR တစ်ပြိုင်နက်တည်း ဆွေးနွေးပွဲ အာဂျင်ဒါမှာထည့်ပြီးတော့ ဆွေးနွေးသွားမယ်။ သဘောတူညီချက်ယူတာတို့ အကောင်အထည်ဖော်တာတို့ကျတော့ လိုအပ်တဲ့အခြေအနေ လိုအပ်တဲ့အနေအထားမှာ လုပ်မယ်။ ဆွေးနွေးတာကတော့ အားလုံးဆွေးနွေးမယ်” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။

လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး၊ လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွင် DDR (Disarmament Demobilization Reintegration) SSR (Security Sector Reform) နှင့်ပတ်သက်၍ လက်နက်ကိုင်တပ်များ လျှော့ချရေး၊ လက်နက်ဖျက်သိမ်းရေးနှင့် တပ်အသွင်ကူးပြောင်းရေးတို့ ပါဝင်ကြောင်း သိရသည်။

ယခုလကုန်ပိုင်းတွင် ကျင်းပရန် လျာထားသည့် ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးတွင် ပြည်ထောင်စု၏ အစိတ်အပိုင်း ဟူသမျှသည် ပြည်ထောင်စုနယ်မြေမှ မည်သည့်အခါမျှ ခွဲမထွက်ရဟူသော အချက်နှင့် ပတ်သက်၍ ဆွေးနွေးခြင်းမရှိဘဲ ကျော်လွန်သွားမည်ဖြစ်သော်လည်း ဆက်လက်ကျင်းပမည့် ညီလာခံများတွင်မူ ပြန်လည်ညှိနှိုင်းဆွေးနွေးရမည်ဖြစ်ကာ ဖက်ဒရယ်အခြေခံမူစစ်စစ်ထဲတွင် ခွဲထွက်ခွင့်နှင့်ပတ်သက်၍ ပါဝင်ခြင်း မရှိကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။

“တကယ်တော့ ဖက်ဒရယ်အခြေခံမူ စစ်စစ်ထဲမှာတော့ ခွဲမထွက်ရတာတို့ ခွဲထွက်ခွင့်ရှိသည်တို့က မပါဘူးဗျာ။ ဖက်ဒရယ်မူထဲမှာ ဒါက အကျုံးမဝင်ဘူး။ ဒီခွဲထွက်ခွင့် မရှိတာတို့၊ ခွဲမထွက်ရတာတို့က နိုင်ငံရေး လိုအပ်ချက်အရ တောင်းဆိုချက်တွေပဲဖြစ်တယ်။ ဖက်ဒရယ်မူစစ်စစ်မှာတော့ ဖက်ဒရယ်ပြည်ထောင်စုမှာ ဘယ်လိုပူးပေါင်းနေထိုင်မလဲ။ ဘယ်လိုအာဏာခွဲဝေမလဲဆိုတာပဲ ရှိတာကိုး။ အဲဒီတော့ ဖက်ဒရယ်မူစစ်စစ်တွေကိုပဲ စုမယ်ဆိုရင်တော့ အဲဒီအချက်တွေကို ချန်ထားဖို့လိုတယ်။ သို့သော်လည်းပဲ ဖက်ဒရယ်အခြေခံမူမှာပါတဲ့ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များရဲ့ လုပ်ပိုင်ခွင့်တွေကတော့ အခြေခံမူထဲပါတယ်။ ဒါကြောင့် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်ကို ကျွန်တော်တို့က ခွဲမထွက်ရနဲ့ သွားချိတ်တဲ့အခါကျတော့ နည်းနည်းကမောက်ကမ ဖြစ်သွားတာပေါ့။ အဲဒါကြောင့် နှစ်ခုစလုံးက ချန်ထားရမလို ဖြစ်သွားတာ။ နောက် နားလည်သဘောပေါက်လာရင်တော့ အဆင်ချောသွားမှာပါ။ ဖက်ဒရယ်မူချည်းပဲလိုချင်ရင် ဖက်ဒရယ်မူချည်းပဲချ။ ပြည်နယ်အခွင့်အရေးတွေလည်းချ။ အကယ်၍ နိုင်ငံရေးအရ အာမခံထားရမယ်ဆိုရင်လည်း နိုင်ငံရေးအာမခံဖြစ်တဲ့ ကျွန်တော်တို့က ခွဲမထွက်ရတို့၊ ခွဲထွက်ပိုင်ခွင့် မရှိစေရလို့ ဆိုတဲ့ဟာကို နိုင်ငံရေးအာမခံချက်ထဲမှာထည့်။ ဖက်ဒရယ်မူထဲမှာတော့ မထည့်နဲ့ပေါ့ဗျာ။ နည်းနာကတော့ ရှာကြရမှာပဲ” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။

၂၁ ရာစု ပင်လုံတတိယအစည်းအဝေးကို NCA ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့၏ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်နိုင်ခြင်းမရှိသေးသည့် အခြေအနေအပါအဝင်အကြောင်း အမျိုးမျိုးကြောင့် ကျင်းပနိုင်ခြင်းမရှိသေးဘဲ အကြိမ်ကြိမ်ရွှေ့ဆိုင်းထားရခြင်း ဖြစ်သည်။

Most Read

Most Recent