ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများလုပ်ကိုင်နိုင်မည့် အလုပ်အမျိုးအစား ၁၂ မျိုးအထိ တိုးမြှင့်ရန် စီစဉ်လျက်ရှိဟုဆို

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများလုပ်ကိုင်နိုင်မည့် အလုပ်အမျိုးအစား ၁၂ မျိုးအထိ တိုးမြှင့်ရန် စီစဉ်လျက်ရှိဟုဆို
Published 5 June 2018

ထိုင်းနိုင်ငံတွင် လုပ်ကိုင်မည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား တွေ့ရစဉ်

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများ လုပ်ကိုင်နိုင်မည့် အလုပ်အမျိုးအစား ၁၂ မျိုးအထိ တိုးမြှင့်ရန် စီစဉ်လျက်ရှိသည်။

ထိုင်းနိုင်ငံဥပဒေအရ ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် လုပ်ကိုင်နိုင်မည့် အလုပ်အမျိုးအစား ကန့်သတ်မှုအဖြစ်အလုပ် ခြောက်မျိုးသာ ခွင့်ပြုခဲ့သော်လည်း ယခုအခါ နောက်ထပ်ခြောက်မျိုး တိုးမြှင့်ကာ အလုပ်အမျိုး အစား ၁၂ မျိုးအထိ လုပ်ကိုင်ခွင့်ပေးရန် အလုပ်သမားဝန်ကြီးထံသို့ တင်ပြထားကြောင်း သိရသည်။

မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်း လုပ်သားများသည် လက်ရှိခွင့်ပြု ထားသည့် (၁) အထွေထွေလုပ်သား၊ (၂) ပန်းရန်အလုပ်၊ (၃) လက်သမားနှင့် ဆောက်လုပ်ရေး လုပ်ငန်းများ၊ (၄) စိုက်ပျိုးရေး၊ (၅) တိရစ္ဆာန်မွေးမြူရေး၊ (၆) သစ်ထုတ်လုပ်ရေးနှင့် ငါးလုပ်ငန်းများတွင် (ပညာရှင်ဆိုင်ရာ လုပ်ငန်းများမှလွဲ၍) ဝင်ရောက်လုပ်ကိုင်လျက်ရှိကြသည်။

ထို့အပြင်လုပ်ငန်းရှင်များ လိုအပ်ချက်အရထပ်မံ၍ လုပ်ငန်းခြောက်မျိုးတွင် ရွှေ့ ပြောင်းလုပ်သားများ ဝင်ရောက်လုပ်ကိုင်နိုင်ရန်အတွက် (၇) စာရင်းအင်းဆိုင်ရာလုပ်ငန်းများ (စစ်ဆေးရေးမှလွဲ၍)၊ (၈) မွေ့ရာနှင့် ပရိဘောဂဆိုင်ရာ လုပ်ငန်းများ၊ (၉) ဓားလုပ်ငန်း၊ (၁၀) မြို့ပြအင်ဂျင်နီယာလုပ်ငန်းနှင့် ဗိသုကာပညာရှင်၊ (၁၁) စက်ချုပ်လုပ်ငန်းနှင့် (၁၂) ရွံ့အိုးနှင့် မြေအိုးလုပ်ငန်းများအား ထိုင်းအလုပ်သမား ဝန်ကြီးဌာနသို့ တင်သွင်းထား ရာဝန်ကြီးမှ အတည်ပြုပြီးပါက ရွှေ့ပြောင်း အလုပ်သမားများ လုပ်နိုင်မည် ဖြစ်သည်။

“အခုလိုမူလကခွင့်ပြုထားတဲ့အလုပ် ခြောက်မျိုးရယ်၊ နောက်တိုးခြောက်မျိုးရယ်ကို ခွင့်ပြုလိုက်တာနဲ့အညီရွှေ့ပြောင်းအလုပ်သမားတွေအတွက် အလုပ်အကိုင်ရွေးချယ်စရာ အခွင့်အလမ်း ပိုများလာမှာဖြစ်သလို အလုပ်ရှင်တွေကလည်း ကျွမ်းကျင်လုပ်သားတွေကို ထိန်းသိမ်းထားနိုင်ဖို့အတွက် ထိုင်းဥပဒေပါ အခွင့်အရေးတွေအတိုင်း ဆောင်ရွက်ပေးလာကြရမှာပါ။ အလုပ်ရှင်တွေအကြိုက် ဖော်ဆောင်ပေးတဲ့အစိုးရရဲ့မူဒါဒအသစ်ပါပဲဗျာ” ဟု မြန်မာပြည်သားများအရေးပူးတွဲ လှုပ်းရှားမှကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးက ပြောကြားသည်။

ထိုင်းလူမျိုးများ၏ ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းများကိုဝင်ရောက်လုပ်ကိုင်ခြင်းများကို ဥပဒေအရ တားမြစ်ထားသည်။ တခြားတားမြစ်ထားသော အလုပ်အမျိုးအစားများတွင် ရွှေ့ပြောင်းလုပ်သားများ ဝင်ရောက်လုပ်ကိုင်ခွင့် မရသေးကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများမှာ သစ်သားဖြင့် ပြုလုပ်သော ပန်းပွတ်၊ ပန်းပုဆိုင်ရာ လက်မှုလုပ်ငန်းများ၊ ယာဉ်မောင်းလုပ်ငန်း၊ ဈေးရောင်းလုပ်ငန်း၊ ကျောက်မျက်ရတနာ ထုဆစ်လုပ်ငန်း၊ ဆံပင်ညှပ်ခြင်း ဆံပင်အလှဆင်ခြင်းနှင့် အလှအပလုပ်ငန်းများ ခရီးသွားလမ်းညွှန်၊ ဈေးဗန်းရွက်ပြီး ကုန်ပစ္စည်းရာင်းဝယ်ခြင်း၊ ထိုင်းရိုးရာအနှိပ်ပညာတို့ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent