လှိုင်မြို့နယ်ရှိ Marketplace တွင် ဆိုင်ခန်းပြုပြင်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်ဖြစ်စဉ်မှ အလုပ်သမားခေါင်းဆောင်ဆိုသူအား ပုဒ်မသုံးခုဖြင့် အမှုဖွင့်

လှိုင်မြို့နယ်ရှိ Marketplace တွင် ဆိုင်ခန်းပြုပြင်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်ဖြစ်စဉ်မှ အလုပ်သမားခေါင်းဆောင်ဆိုသူအား ပုဒ်မသုံးခုဖြင့် အမှုဖွင့်
Published 4 June 2018

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ပြည်လမ်း ၆ မိုင်ခွဲရှိ Marketplace ပထမထပ်တွင် ဆိုင်ခန်းပြုပြင်နေစဉ်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်မှ အလုပ်သမားခေါင်းဆောင်ဆိုသူအား ပုဒ်မသုံးခုဖြင့် အမှုဖွင့်ထားကြောင်း လှိုင်မြို့မရဲစခန်းမှ သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်ဖြစ်စဉ်မှ ဆိုင်ခန်းကို လာရောက်ပြုပြင်သည့် အလုပ်သမား ခေါင်းဆောင်ဖြစ်သူ ရဲကျော်မြတ်ဆိုသူအား လှိုင်မြို့မရဲစခန်းက (ပ)၄၇၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၆/ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

“ဆိုင်ခန်းကိုလာရောက် ပြုပြင်တဲ့အထဲက အလုပ်သမားခေါင်းဆောင်ဖြစ်တဲ့ အမျိုးသားကို ပုဒ်မသုံးခုနဲ့ အမှုဖွင့်ထားပါတယ်။ ဒဏ်ရာရရှိတဲ့လူတွေကတော့ ခုဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်မှာ ဇွန် ၂ ရက် ည ၉ နာရီခွဲခန့်က လှိုင်မြို့နယ်၊ ၁၁ ရပ်ကွက်၊ ပြည်လမ်းရှိ Marketplace ဈေးဝယ်စင်တာ၏ ပထမထပ်တွင် အလုပ်သမားခေါင်းဆောင် ရဲကျော်မြတ် (၃၇ နှစ်) ဆိုသူပါ အလုပ်သမား ၁၃ ဦးတို့ ဆိုင်ခန်းအား ပြုပြင်နေစဉ် Extension ကြိုးခွေအား အသုံးပြု၍ လက်ကိုင်ဖုန်းကို အားသွင်းခဲ့ကြောင်း ထိုသို့အားသွင်းနေစဉ် မီးကြိုးခွေမှ ဝါယာရှော့ဖြစ်ပြီး မီးပွားများ ထွက်ခဲ့ကြောင်း သိရသည်။

ဝါယာရှော့ဖြစ်စဉ် အဆောက်အအုံ မျက်နှာကြက်ရှိ စားသောက်ဆိုင်တန်းများသို့ ပို့လွှတ်သွယ်တန်းထားသည့် Gas ပိုက်လိုင်းမှာလည်း Gas ယိုစိမ့်နေမှုကြောင့် မီးပွားများမှတစ်ဆင့် မီးကူးစက်ကာ လောင်ကျွမ်း ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ပေါက်ကွဲမှုကြောင့် အဆိုပါ ဆိုင်အတွင်း အလုပ်လုပ်ကိုင်လျက်ရှိသည့် အလုပ်သမားရှစ်ဦးမှာ ခန္ဓာကိုယ်တွင် မီးအပူလောင် ဒဏ်ရာများရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာများအဖြစ် တက်ရောက် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

Most Read

Most Recent