မလေးရှားနိုင်ငံ၌ ဒေါ်လာ ၁၈ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုတွင် သင်္ဘောပေါ်သို့ မူးယစ်ဆေးဝါးများ တင်ဆောင်မှု အပိုင်းနှင့်ပတ်သက်၍ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက စစ်ဆေးနေ

မလေးရှားနိုင်ငံ၌ ဒေါ်လာ ၁၈ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုတွင် သင်္ဘောပေါ်သို့ မူးယစ်ဆေးဝါးများ တင်ဆောင်မှု အပိုင်းနှင့်ပတ်သက်၍ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက စစ်ဆေးနေ
Published 4 June 2018

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအား ပြသနေသည့် မလေးရှားနိုင်ငံ တာဝန်ရှိသူများကို တွေ့ရစဉ်

မလေးရှားနိုင်ငံတွင် ရန်ကုန်မြို့မှ ထွက်ခွာလာသည့် သင်္ဘောပေါ်ရှိ ကုန်သေတ္တာအတွင်းမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုမှ တရားခံများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးနိုင်ရန် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့်အတူ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (ရန်ကုန်) မှ တာဝန်ရှိသူများက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်လျက်ရှိကြောင်း ဇွန် ၃ ရက်တွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းသို့ ပူးပေါင်းပါဝင်ဆောင်ရွက်ရာတွင် လက်ရှိတွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (ရန်ကုန်) မှ တာဝန်ရှိသူများအနေဖြင့် သင်္ဘောပေါ်သို့ မူးယစ်ဆေးဝါးများ မည်သို့ရောက်ရှိအောင် တင်ဆောင်ခဲ့မှုအပိုင်းကို စစ်ဆေးလျက်ရှိကြောင်းလည်း သိရသည်။

အဆိုပါ မြန်မာ့ဆိပ်ကမ်းမှ တင်သွင်းလာသည့် ဒေါ်လာ ၁၈ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိပြီးနောက် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများအရ ရဲတာဝန်ရှိသူများသည် မေလကုန်ပိုင်းက ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်၊ (၅၃) လမ်းရှိ သံသယရှိသူ၏ နေအိမ်တိုက်ခန်းတစ်ခန်းသို့ ဝင်ရောက် ရှာဖွေခဲ့ကြောင်းသိရပြီး ယင်းသို့ရှာဖွေစဉ် အဆိုပါ သံသယရှိသူမှာ နေအိမ်တိုက်ခန်း၌ မတွေ့ရှိရဘဲ တိမ်းရှောင်နေကြောင်း သိရသည်။

ယင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (ရန်ကုန်) မှ တာဝန်ရှိသူများက သံသယရှိသည့် ကုမ္ပဏီပိုင်ရှင်တစ်ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း ဇွန် ၃ ရက်တွင် သတင်းများ ထွက်ပေါ်ခဲ့သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးအား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ ၎င်းက “On Going Case ဖြစ်တဲ့အတွက် အသေးစိတ်တော့ ကျွန်တော်တို့ မပြောနိုင်သေးပါဘူး။ ကျွန်တော်တို့လက်ရှိမှာ ပြောနိုင်တာကတော့ ဒီအမှုနဲ့ပတ်သက်ပြီး ရန်ကုန်အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ရုံးက ပူးပေါင်းပါဝင် ဆောင်ရွက်နေတာတော့ ရှိတယ်။ ဖမ်းထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ အတည်ပြုလို့ မရသေးပါဘူး။ ကျွန်တော်တို့ ဆောင်ရွက်နေတဲ့ကိစ္စက ဒီဘက်က သင်္ဘောနဲ့သွားတာဆိုတော့ ဘယ်လိုဖြစ်လို့ သင်္ဘောပေါ်ကို ပစ္စည်းတွေရောက်အောင်တင်တယ်။ ဒီဘက်က ဘယ်လိုဝန်ထမ်းတွေ ဘယ်လိုလုပ်တယ်ဆိုတဲ့ ဝန်ထမ်းပိုင်းဆိုင်ရာ ကိစ္စရပ်လေးတွေ ပါတာပေါ့။ အဲဒါတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ပူးပေါင်း ဆောင်ရွက်နေတာပါ။ မူးယစ်အထူးရဲတပ်ဖွဲ့ကလည်း နေပြည်တော်ကနေဆင်းပြီး ဆောင်ရွက်နေပါတယ်။ လိုအပ်တဲ့စစ်ဆေးတဲ့ဟာလေးတွေတော့ လုပ်နေပါတယ်။ ခုနကဟာလေးကိုတော့ အသေးစိတ်တော့ ပြောလို့မရသေးပါဘူး” ဟု ပြောကြားသည်။

မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ အဆင့်မြင့်ရဲအရာရှိတစ်ဦးအား ဆက်သွယ်မေးမြန်းရာ ၎င်းက “ဒီအမှုကို အမြန်ဆုံး ဖော်ထုတ်နိုင်ဖို့အတွက် ဌာနချုပ်ကနေ ဆင်းပြီးစုံစမ်းနေတာတော့ ဟုတ်ပါတယ်။ သံသယရှိသူတွေကို စစ်ဆေးတဲ့အပိုင်းကိုတော့ လက်ရှိမှာ ပြောလို့မရသေးပါဘူး” ဟု ပြောကြားသည်။

မြန်မာနိုင်ငံမှ တင်သွင်းလာသည့် လက်ဖက်ခြောက်ထုပ်များထဲတွင် သိုဝှက်သယ်ဆောင်လာသည့် အမေရိကန်ဒေါ်လာ ၁၈ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မေ ၂၂ ရက်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ပြင်ရှိ ပို့ကလန်တွင် မလေးရှား အကောက်ခွန် တာဝန်ရှိသူများက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ယင်းအမှုနှင့်ပတ်သက်၍ မလေးရှားရဲတပ်ဖွဲ့က သံသယရှိသည့် မြန်မာနိုင်ငံသားသုံးဦးနှင့် မလေးရှားနိုင်ငံသားသုံးဦးတို့ကို ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများပါသည့် ကွန်တိန်နာအား တင်ဆောင်လာသည့် သင်္ဘောမှာ ရန်ကုန်မြို့၊ အေးရှားဝေါလ်ဆိပ်ကမ်းမှ ထွက်ခွာလာသည့်သင်္ဘောဟု ပြင်ပတွင် သတင်းများ ထွက်ပေါ်နေမှုနှင့်ပတ်သက်၍ အေးရှားဝေါလ်ကုမ္ပဏီမှ တာဝန်ရှိသူများကို မေ ၂၉ ရက်တွင် The Daily Eleven မှ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။

Most Read

Most Recent