ကျောက်ဖြူမြို့ ငလပွေ့ဆိပ်ကမ်းတွင် ကမ်းခိုကမ်းကပ် ပြုလုပ်နေသည့် ရေလုပ်သားများနှင့် ပတ်သက်၍ ဖြစ်ပေါ်လာသည့် မှုခင်းများကို ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲနေ

ကျောက်ဖြူမြို့ ငလပွေ့ဆိပ်ကမ်းတွင် ကမ်းခိုကမ်းကပ် ပြုလုပ်နေသည့် ရေလုပ်သားများနှင့် ပတ်သက်၍ ဖြစ်ပေါ်လာသည့် မှုခင်းများကို ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲနေ
Published 3 June 2018

ငလပွေ့ချောင်းအတွင်း ကမ်းခိုကမ်းကပ် ငါးဖမ်းလှေများကို တွေ့ရစဉ်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ငလပွေ့ဆိပ်ကမ်းတွင် ကမ်းခိုကမ်းကပ် ပြုလုပ်နေသည့် ရေလုပ်သားများနှင့် ပတ်သက်၍  ဖြစ်ပေါ်လာသည့် မှုခင်းများကို ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲနေကြောင်း သိရသည်။

ငါးဖမ်းရာသီ ပိတ်ပင်ထားမှုနှင့် သဘာဝဘေး အန္တရာယ်ကြောင့် ကျောက်ဖြူမြို့ ငလပွေ့ဆိပ်ကမ်းတွင် ကမ်းခိုကမ်းကပ် ပြုလုပ်နေသည့် ကမ်းနီးကမ်းဝေး ငါးဖမ်းလှေလုပ်သားအချို့မှာ သောက်စားမူးယစ်ကာ လှေပေါ်မှ ပြုတ်ကျသေဆုံးမှု၊ ကမ်းပေါ်တက်ပြီး အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှု၊ ဆူပူသောင်းကျန်းမှုနှင့် ပတ်သက်ပြီး ဖြစ်ပေါ်လာသည့် မှုခင်းများကို ဖြေရှင်းရန် ခက်ခဲနေခြင်း ဖြစ်ကြောင်း ငလပွေ့ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

“ငါးဖမ်းသင်္ဘောတွေ ဝင်လာတယ်။ ဝင်လာတဲ့အခါမှာ ကျွန်တော်တို့ ရခိုင်ပြည်နယ်ဟာ တော်တော်လေးကို စိတ်မချရတဲ့ ပြည်နယ်တစ်ခု ဖြစ်ပါတယ်။ အဲဒီအထဲမှာ ဘယ်လိုမျိုး ပါတယ်ဆိုတာ ကျွန်တော်တို့ မသိရပါဘူး။ ပြီးတော့ လှေတွေကိုလည်း အဝင်အထွက် ကျွန်တော်တို့ စိစစ်လို့ မရပါဘူး။ အဝင်အထွက် စာရင်းပေးတာမျိုးလည်း မရှိဘူး။ တစ်ခါတစ်ခါ ဘယ်လိုကြုံရလဲ ဆိုတော့ ဒီငလပွေ့ချောင်းထဲမှာ သဘာဝဘေးသို့လည်းကောင်း၊ သူတို့ရဲ့ အကျိုးအကြောင်း တစ်ခုနဲ့ လည်းကောင်း ဝင်လာခဲ့သည်ရှိသော် သူတို့က ရေထဲကျလို့ သေကြတယ်။ တချို့ အချင်းချင်း သတ်ပြီးတော့ သေကြတယ်။ ပြီးတော့ အဲဒီတင် မကသေးဘူး။ ၂၇-၅-၂၀၁၈ ထဲမှာပေါ့နော်။ ကျွန်တော်တို့ မြို့ပေါ်ထက်မှာ ကျောင်းဆရာ တစ်ယောက်ပါ အသတ်ခံရတဲ့အထိ ဖြစ်လာတယ်။ ပြီးတော့ ဒီသင်္ဘောသားတွေဟာ ဘယ်ကလာပြီးတော့ ဘယ်အမှုကိစ္စတွေနဲ့ ဘယ်လိုတွေ ရှုပ်ထွေးပြီး လိုက်လာကြလဲ ဆိုတာကို ကျွန်တော်တို့ မသိရပါဘူး။ ပြီးတော့ ကျွန်တော်တို့ ငလပွေ့ချောင်းထဲမှာ သူတို့အချင်းချင်း သတ်ပြီးတော့ အလောင်းတွေ ကျန်ခဲ့တဲ့ဟာတွေလည်း အများကြီး ကြုံတယ်။ အဲဒီအခါကျတော့ ဘယ်လှေက ဆိုတာလဲ မသိရတဲ့အတွက်ကြောင့် ဒီလိုအခက်အခဲတွေ အများကြီး ကြုံရပါတယ်” ဟု ငလပွေ့ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်တင်ချမ်းက ပြောကြားသည်။

ကျောက်ဖြူမြို့ ငလပွေ့ဆိပ်ကမ်းအတွင်း ငါးဖမ်းလှေများ ကမ်းကပ်နေမှု၊ ရေလုပ်သားဦးရေ စာရင်းကောက်ယူမှုနှင့် ရေလုပ်သားများနှင့် ပတ်သက်ပြီး ခရိုင်ငါးလုပ်ငန်း ဦးစီးမှူး ဦးဦးထွန်းသိန်းက  “ကျွန်တော်တို့ဆီကို လာလို့ရှိရင် ကျွန်တော်တို့က ရှိစာရင်းဇယားတွေကို ပေးမှာပါ။ ရဲတို့ဘာတို့နဲ့ သူတို့လည်း ဆိပ်ကမ်းမှာ ရှိနေတာပဲ။ သူတို့လည်း အဲဒီသင်္ဘောတွေကို တက်ပြီး လူဘယ်လောက်ရှိတယ်။ ဘယ်နှယောက်ရှိတယ်ဆိုတာ သူတို့လည်း စာရင်းယူထားလို့ ရပါတယ်။ ကျွန်တော်တို့ဆီက လာယူတာထက် သူတို့ဆိပ်ကမ်းမှာ ရှိနေတဲ့အတွက် သူတို့ယူတာ ပိုလို့တောင် တိကျမယ်။ ကျွန်တော်တို့က လိုခဲ့ရင် သူတို့ဆီကတောင် ယူရဦးမယ်။ သူတို့က ဒီဆိပ်ကမ်းမှာပဲ ရှိတယ်။ ဂျူတီနဲ့ ကျွန်တော်တို့က ရုံးမှာပဲရှိတာ။ ကျွန်တော်တို့က သူတို့လာပေးတဲ့ စာရင်းကိုပဲ ရတာ။ လူအများကို ကျွန်တော်တို့ ဓာတ်ပုံရိုက်နိုင်ဖို့ဆိုတာ မလွယ်ဘူး။ သူတို့ပေးတဲ့ စာရွက်ကလေးတွေနဲ့ ယူထားတာ ဖြစ်ပါတယ်။ ဖြစ်လာလို့ရှိရင်လည်း သူတို့တာဝန်ပေါ့။ တကယ်တမ်း ဘာညာ အမှားအယွင်း လုပ်မိရင်လည်း သူတို့တာဝန်ပေါ့။ သူတို့က လှေတစ်စင်းမှာ ၁၅ ယောက်ဆို ၁၅၊ ၁၆ ဆို ၁၆ ကျွန်တော်တို့က ဒါကိုယူထားတာပဲ” ဟု ပြောကြားသည်။

ငလပွေ့ဆိပ်ကမ်းမှာ ဒေသခံများအနေဖြင့် ဆိပ်ကမ်းကို မှီခိုအားထားပြီး ထမင်းဆိုင်၊ စားသောက်ဆိုင်၊ အဝတ်အထည်ဆိုင်နှင့် စားသောက်ကုန်စုံဆိုင်များ ရောင်းချနေရသူများအတွက် ရေလုပ်သားနှင့် ဆက်စပ်ပြီး အကျိုးပြု ဖြစ်ထွန်းမှု ရှိနေသည့် ဆိပ်ကမ်းတစ်ခုဖြစ်သည်။

အဆိုပါ ဆိပ်ကမ်းတွင် ကမ်းခိုကမ်းကပ် ပြုလုပ်နေသည့် ငါးဖမ်းလှေစင်းရေ ၆၀ ခန့်ရှိပြီး ရေလုပ်သားများ အနေဖြင့် ဆိပ်ကမ်းကပ်ချိန်များတွင် ကမ်းပေါ်တက် အပန်းဖြေ အနားယူကာ အရက်သေစာ သောက်စားမူးယစ်ခြင်း၊ လှေလုပ်သား အချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး သတ်ပုတ်ခြင်း၊ ဆူပူသောင်းကျန်းခြင်း၊ ဒေသခံများနှင့် ခိုက်ရန် ဖြစ်ပွားခြင်းများကြောင့် ရပ်ရွာအေးချမ်းသာယာမှုကိုပါ ထိပါးနေသဖြင့် ယင်းသို့ဖြစ်ရပ်များကို မြို့နယ်၊ ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် အခက်အခဲများကို ထိန်းကျောင်း ဖြေရှင်းနိုင်ရန် စီစဉ်ဆောင်ရွက် ပေးစေလိုကြောင်း ငလပွေ့ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

Most Read

Most Recent