ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်မြှင့်တင်ရေး စီမံကိန်းအရ လေဆိပ်ကုန်သိုလှောင်ရုံ (MCS) နေရာတွင် VIP Terminal အသစ်တစ်ခု ထပ်မံတည်ဆောက်မည်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်မြှင့်တင်ရေး စီမံကိန်းအရ လေဆိပ်ကုန်သိုလှောင်ရုံ (MCS) နေရာတွင် VIP Terminal အသစ်တစ်ခု ထပ်မံတည်ဆောက်မည်
Published 3 June 2018

Mingalardon Cargo Service (MCS) အား တွေ့ရစဉ်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်မြှင့်တင်ရေး စီမံကိန်းအရ လေဆိပ်ကုန်သိုလှောင်ရုံ နေရာတွင် VIP Terminal အသစ်တစ်ခု ထပ်မံတည်ဆောက်မည် ဖြစ်ကြောင်း Yangon Aerodrone Company Ltd (YACL) ၏သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်မြှင့်တင်ရေး စီမံကိန်းကို Phase 1,2,3 ဟူ၍ သတ်မှတ် ဆောင်ရွက်နေခြင်းဖြစ်ပြီး လက်ရှိတွင် Phase 3 ကို ဆောင်ရွက်နေကြောင်း သိရသည်။ လက်ရှိတွင် Phase 3 တွင်ပါဝင်သည့် Terminal 1 နှင့် 2 အား ချိတ်ဆက်ခြင်းလုပ်ငန်း ဆောင်ရွက်နေပြီး အဆိုပါ လုပ်ငန်းမှာ ပြီးဆုံးတော့မည်ဖြစ်ပြီး မကြာမီ အသုံးပြုနိုင်မည်ဖြစ်သည်။

“ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် အဆင့်မြှင့်တင်ရေး စီမံကိန်းကို Phase 1,2,3 ဆိုပြီး အဆင့်သုံးဆင့် ဆောင်ရွက်နေပါတယ်။ လက်ရှိမှာ Phase 3 ကို ဆောင်ရွက်နေပါတယ်။ ဒီအဆင့်မှာ လက်ရှိ ဆောင်ရွက်နေတဲ့ Terminal 1 နဲ့ 2 ကို ချိတ်ဆက်တဲ့လုပ်ငန်းက ပြီးဆုံးတော့မှာပါ။ ဒါပြီးရင် Mingalardon Cargo Services (MCS) ကို အတွင်းထဲကိုရွှေ့ပြီး လက်ရှိ (MCS) နေရာမှာ VIP Terminal အသစ်တစ်ခု ထပ်မံတည်ဆောက်သွားမှာပါ” ဟု လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ဆိုသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်မြှင့်တင် ဆောင်ရွက်ခြင်း Phase 3 တွင် Terminal 1 နှင့် 2 အားချိတ်ဆက်ခြင်း၊ လက်ရှိ လေယာဉ်ပြေးလမ်း တိုးချဲ့ခြင်း၊ လေယာဉ်ရပ်နားရာနေရာ တိုးချဲ့ခြင်း၊ Cargo အဆောက်အအုံ တိုးချဲ့ခြင်း၊ VIP/CIP Terminal အသစ် တည်ဆောက်ခြင်း လုပ်ငန်း၊ Terminal 2 အဆင့်မြှင့်တင်ရန် နည်းလမ်းများ ရှာဖွေခြင်းစသည့် လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ၂၀၁၇ ခုနှစ်တွင် ခရီးသွား ၅ ဒသမ ၉၂ သန်း၊ ၂၀၁၆ ခုနှစ်တွင် ခရီးသွား  ၅ ဒသမ ၄၅ သန်းကို ဝန်ဆောင်မှုပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို Yangon Aerodrone Company Ltd (YACL) နှင့် စာချုပ်ချုပ်ဆိုပြီး လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ မူလစီမံကိန်းကာလ ၃၆ လ ခွင့်ပြုလုပ်ဆောင်နေခြင်း ဖြစ်သည်။ သို့သော် စီမံကိန်းလုပ်ငန်းအချို့ ကျန်ရှိနေခြင်းနှင့် ထပ်မံဆောင်ရွက်ရမည့် စီမံကိန်း လုပ်ငန်းများကြောင့် နောက်ထပ်  ၁၈ လတိုး၍ လုပ်ဆောင်နိုင်ရန် ဝန်ကြီးဌာနသို့ အကြောင်းကြားထားကြောင်း သတင်းရရှိသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် မြန်မာနိုင်ငံ၏ အဓိကဝင်ပေါက် လေဆိပ်တစ်ခုအဖြစ် တည်ရှိနေပြီး ဆက်လက်၍ National Project အနေဖြင့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရန် စီစဉ်နေကြောင်း သိရသည်။ လက်ရှိတွင် ဟံသာဝတီလေဆိပ်သစ် တည်ဆောက်ရေး စီမံကိန်း လုပ်ငန်းများ စတင်နိုင်ခြင်း မရှိသေးချိန်တွင် ရန်ကုန်လေဆိပ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် လာမည့်ငါးနှစ်၊ ၁၀ နှစ်ခန့်အတွင်း တိုးတက်လာမည့် ခရီးသည်များ လက်ခံနိုင်မည့် နိုင်ငံတကာအဆင့် အနေအထားကို တိုးမြှင့်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent