မူးယစ်ဆေးဝါးမှတစ်ဆင့် အိပ်ချ်အိုင်ဗွီရောဂါ ကူးစက်မှုနှုန်း ၁၈ ရာခိုင်နှုန်းအထိ မြင့်တက်လာ

မူးယစ်ဆေးဝါးမှတစ်ဆင့် အိပ်ချ်အိုင်ဗွီရောဂါ ကူးစက်မှုနှုန်း ၁၈ ရာခိုင်နှုန်းအထိ မြင့်တက်လာ
Published 3 June 2018

နယ်စည်းမခြား ဆရာဝန်အဖွဲ့၊ သာကေတဆေးခန်းတွင် လာရောက် ဆေးကုသနေသည့် အိပ်ချ်အိုင်ဗွီလူနာ တစ်ဦးအား သွေးဖောက်စစ်ဆေးနေစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးမှတစ်ဆင့် အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ကူးစက်မှုနှုန်း ၁၈ ရာခိုင်နှုန်း အထိ မြင့်တက်လာကြောင်း အမျိုးသား ခုခံအားကျဆင်းမှုရောဂါ တိုက်ဖျက်ရေး အစီအစဉ်၏ အချက်အလက်များအရ သိရသည်။

လက်ရှိ မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါး ပြဿနာနှင့် ပတ်သက်၍ စိုက်ပျိုးမှုပြဿနာ၊ ထုတ်လုပ်မှု ပြဿနာ၊ သယ်ဆောင် ရောင်းဝယ်မှု ပြဿနာနှင့် သုံးစွဲမှု ပြဿနာတို့ကို ရင်ဆိုင်နေရပြီး ၂၀၁၇ ခုနှစ်တွင် စိုက်ပျိုးမှုအနေဖြင့် ၂၅ ရာခိုင်နှုန်း၊ ထုတ်လုပ်မှုအနေဖြင့် ၁၄ ရာခိုင်နှုန်း သိသိသာသာ ကျဆင်းခဲ့ကြောင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှုအပိုင်းတွင် ဖမ်းဆီးရမိမှု ဖြစ်စဉ်များအရ စိတ်ကြွရူးသွပ်ဆေးဝါး ထုတ်လုပ်သယ်ဆောင်မှုများသည် ပြည်တွင်း ပြည်ပတွင် မြင့်တက်လာကြောင်းနှင့် သုံးစွဲမှု အပိုင်းတွင် ဘိန်း၊ ဘိန်းဖြူ သုံးစွဲမှု ပြဿနာများ၊ ဘိန်းဖြူ ထိုးသွင်းခြင်းကြောင့် ဖြစ်ရသည့် အိပ်ချ်အိုင်ဗွီရောဂါ ကူးစက်မှု ပြဿနာများဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ၂၀၃၀ ပြည့်နှစ်တွင် အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါဖြစ်ပွားမှုကို ပြည်သူ့ကျန်းမာရေး ကပ်ရောဂါအဖြစ်မှ အဆုံးသတ်ရန် လုပ်ဆောင်မည်ဖြစ်ရာ လက်ရှိတွင် ခုခံအားကျဆင်းမှုရောဂါ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၀) ကို ရေးဆွဲလုပ်ဆောင် လျက်ရှိသည်။

မဟာဗျူဟာသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး ကတိကဝတ်နှင့် ယခင်က ချမှတ်ခဲ့သည့် အမျိုးသား မဟာဗျူဟာ စီမံကိန်း (၂) ၏ အောင်မြင်မှုများအပေါ် အခြေခံရေးဆွဲထားခြင်း ဖြစ်ကြောင်း၊ အကျိုးသက်ရောက်မှု အကြီးမားဆုံး ရရှိစေရန်အတွက် ပထဝီဝင်/ဒေသဆိုင်ရာ လူဦးရေနှင့် ဦးစားပေး ဆောင်ရွက်ချက်များ သတ်မှတ်၍ ဦးတည်ဆောင်ရွက်နိုင်ရန်လည်း လမ်းညွှန်ပြသထားကြောင်းနှင့် မဟာဗျူဟာသည် အိပ်ချ်အိုင်ဗွီ ရောဂါပိုး ကူးစက်ခံထားရသူများ၊ မူးယစ်ဆေး ထိုးသွင်းသုံးစွဲသူများ၊ အမျိုးသားအချင်းချင်း လိင်ဆက်ဆံကြသူများ၊ လိင်အလုပ်သမားများနှင့် ၎င်းတို့နှင့် လိင်ဆက်ဆံဖက်များ အပါအဝင် ဦးတည်အုပ်စုများနှင့် ရောဂါပိုး၏ ဆက်နွှယ်ထိခိုက်မှုကို ခံစားနေရသည့် သူများ၏ လူ့အခွင့်အရေးနှင့် ကျား/မ တန်းတူညီမျှမှုကို ကာကွယ်ရန်နှင့် မြှင့်တင်ပေးရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် အမျိုးသား ကျန်းမာရေး စီမံကိန်းတွင် အဓိကဦးစားပေး တိုက်ဖျက်ရမည့် ရောဂါများ စာရင်းတွင် ထည့်သွင်းပြီး ရောဂါကာကွယ် တိုက်ဖျက်ရေး လုပ်ငန်းများကို လုပ်ဆောင်လျက် ရှိကြောင်းနှင့် ၂၀၁၆ ခုနှစ်တွင် အေအာတီနှင့် အခြားသော ဆေးပစ္စည်းများ အပါအဝင် အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရမှုကို ကုသရန်အတွက် ဒေါ်လာ ၁၅ သန်းနှင့် မက်သဒုန်း စုဆောင်းရန်အတွက် ဒေါ်လာတစ်သန်း သုံးစွဲခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ရရှိသည့် အချက်အလက်များအရ သိရသည်။

 

Most Read

Most Recent