စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သစ်တောဝန်ထမ်းအချို့ တရားမဝင် သစ်မှောင်ခို လုပ်ငန်းများတွင် ပါဝင်မှု ရှိမရှိ စစ်ဆေးနေဆဲဖြစ်ပြီး ပါဝင်ပတ်သက်မှု ရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း တိုင်းသစ်တောညွှန်မှူး ပြောကြား

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သစ်တောဝန်ထမ်းအချို့ တရားမဝင် သစ်မှောင်ခို လုပ်ငန်းများတွင် ပါဝင်မှု ရှိမရှိ စစ်ဆေးနေဆဲဖြစ်ပြီး ပါဝင်ပတ်သက်မှု ရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း တိုင်းသစ်တောညွှန်မှူး ပြောကြား
Published 3 June 2018

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ သစ်တောဝန်ထမ်းများနှင့် တိုင်းသစ်တော ညွှန်ကြားရေးမှူး ဦးသန်းစိုးတို့ တွေ့ဆုံစဉ်

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းက သစ်တောဝန်ထမ်း အချို့သည် တရားမဝင် သစ်မှောင်ခို လုပ်ငန်းများတွင် ပါဝင်မှုရှိ မရှိ စစ်ဆေးနေဆဲဖြစ်ပြီး ပါဝင်ပတ်သက်မှုရှိပါက ဝန်ထမ်းစည်းမျဉ်း စည်းကမ်းအရ အရေးယူသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းစိုးက ပြောကြားသည်။

သစ်တောဝန်ထမ်းများသည် တာဝန်ထမ်းဆောင်မှုကို ပေ့ါလျော့ပါကလည်း အရေးယူ ဆောင်ရွက်ကြောင်း၊ အချို့ကိစ္စရပ်များနှင့် ပတ်သက်၍ ဌာနအတွင်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စစ်ဆေးနေဆဲဖြစ်ကြောင်း၊ ထို့အပြင် ဌာနကနေ ထုတ်ပယ်ခံရသည့် သစ်တောဝန်ထမ်းများလည်း ရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“စစ်ဆေးလို့ အပြစ်တွေ့တဲ့ သစ်တောဝန်ထမ်းတွေကိုတော့ နှစ်တိုးရပ်ခံရတာရှိတယ်။ နောက်တစ်ခါ ဌာနကနေ ထုတ်ပယ်ခံရတဲ့ သစ်တောဝန်ထမ်းတွေရှိတယ်။ ပြီးတော့ ရာထူးတစ်ဆင့် နိမ့်ကျသွားတဲ့ သစ်တောဝန်ထမ်းတွေလည်းရှိတယ်။ အချို့သစ်တောဝန်ထမ်းတွေနဲ့ ပတ်သက်ပြီးတော့ ဌာနအတွင်း စစ်ဆေးနေတာ တွေရှိတယ်။ စစ်ဆေးဆဲ ကာလလည်းဖြစ်တယ်။ စစ်ဆေးတွေ့ရှိချက်ပေါ် မူတည်ပြီးတော့ သစ်တောဝန်ထမ်း စည်းမျဉ်းစည်းကမ်းအရ အရေးယူသွားမှာ။ အရေးယူခံရတဲ့ သစ်တောဝန်ထမ်းတွေလည်း ရှိခဲ့တယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းစိုးက ဆက်လက်ပြောကြားသည်။

ထို့ပြင် သစ်တောဝန်ထမ်း အချို့သည် တရားမဝင် သစ်မှောင်ခို လုပ်ငန်းများတွင် ပါဝင်မှုရှိသော သစ်တောဝန်ထမ်းများကို စဉ်ဆက်မပြတ် အရေးယူနေကြောင်း၊ သစ်တောဝန်ထမ်းများအား တိုင်ကြားရာတွင် မှားယွင်းစွာ တိုင်ကြားခံခဲ့ရသည့် သစ်တောဝန်ထမ်း များလည်းရှိကြောင်း၊ အရေးယူခံခဲ့ရသည့် သစ်တောဝန်ထမ်း အချို့သည် ငွေရေးကြေးရေးကြောင့် မဟုတ်ဘဲ တာဝန်ကို ပေါ့ဆစွာ ထမ်းဆောင်ခဲ့သောကြောင့် အရေးယူ ခံခဲ့ရတာများကြောင်း ဦးသန်းစိုးက ဆိုသည်။

ဌာနအတွင်း စစ်ဆေးမှု တစ်စုံတစ်ရာ မတွေ့ရှိခဲ့သည့် သစ်တောဝန်ထမ်း အချို့အား သံသယ စာရင်းတွင် ထားရှိကြောင်း၊ ၎င်းတို့ကိုလည်း အပြစ်ပေး အရေးယူတာမျိုးလည်း လုပ်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ်တွင် ပြီးခဲ့သည့် မေလကုန်လောက်က တရားမဝင် သစ်မှောင်ခိုကား တစ်စီးသည် ချောက်ထဲတွင် ထိုးကျနေခြင်းအား သက်ဆိုင်ရာ ဝန်ထမ်းသည် ကရိန်းဖြင့် လမ်းမပေါ်သို့ ဆွဲတင်ကာ ပြန်လည်လွှတ်ပေးခဲ့သည်ဟု လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပျံ့နှံ့မှုဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သစ်တောဝန်ထမ်းများ၊ ရဲများ အပါအဝင် ယင်းနေ့က ပါဝင်မှုရှိခဲ့သည့် ဝန်ထမ်များအား စစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent