လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်ရှိ AMG အထည်ချုပ်စက်ရုံ အလုပ်သမား ၅၀၀ ကျော် ကျပ် ၄၈၀၀ တစ်ပြေးညီရရှိရေး အပါအဝင် တောင်းဆိုချက်ကိုးချက် ရရှိရန် ဆန္ဒထုတ်ဖော်

လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်ရှိ AMG အထည်ချုပ်စက်ရုံ အလုပ်သမား ၅၀၀ ကျော် ကျပ် ၄၈၀၀ တစ်ပြေးညီရရှိရေး အပါအဝင် တောင်းဆိုချက်ကိုးချက် ရရှိရန် ဆန္ဒထုတ်ဖော်
Published 3 June 2018

တောင်းဆိုမှုများရရှိရန် လုပ်ငန်းခွင်မဝင်ဘဲ ဆန္ဒပြနေသည့် AMG Garment စက်ရုံ အလုပ်သမားများကို တွေ့ရစဉ် (ဓာတ်ပုံ-ကိုထွန်းစိန်)

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန် ဦးထွန်းညိုလမ်း AMG Garment (1), (2) စက်ရုံရှိ အလုပ်သမား ၅၀၀ ကျော်သည် တစ်ပြေးညီ ကျပ် ၄၈၀၀ ရရှိရေး အပါအဝင် အချက်ကိုးချက်ရရှိရန် မေ ၃၀ ရက်က စတင်ကာ လုပ်ငန်းခွင်မဝင်ဘဲ စက်ရုံတာဝန်ရှိသူများကို ဆန္ဒထုတ်ဖော်လျက်ရှိကြောင်း သိရသည်။

AMG Garment (1), (2) စက်ရုံရှိ တာဝန်ရှိသူများက အနည်းဆုံး အခကြေးငွေ ၄၈၀၀ ကျပ်ကို စက်ရုံအတွင်း လူဟောင်းလူသစ် ခွဲခြားပေးမည်ဟု ပြောကြားခြင်း၊ ရက်မှန်ကြေး၊ လုပ်သက်နှစ်ကြေး စသည်တို့ကို တိုးပေးမည်ဟု ပြောကြားပြီးမှ တိုးမပေးတော့ဟု ပြောကြားခဲ့သည့်အပေါ် မကျေနပ်သဖြင့် အလုပ်သမားများက လုပ်ငန်းခွင်မဝင်ဘဲ သပိတ်မှောက် ဆန္ဒပြခြင်းဖြစ်ကြောင်း သိရသည်။

“အလုပ်ရှင်က ၄၈၀၀ တရားဝင် စာကျရင် လူဟောင်းလူသစ်မခွဲဘဲ တစ်ရုံလုံးကို ပေးမယ်လို့ အစည်းအဝေးခေါ်ပြီး ပြောခဲ့တယ်။ အခုလစာ ထုတ်ခါနီးတော့ မပေးတော့ဘူးလို့ပြောတယ်။ ပိုက်ဆံတော့ တန်းတူမပေးချင်ဘဲနဲ့ လူသစ်နဲ့လူဟောင်းကို အထည်စံချိန် အတူတူတောင်းတယ်။ လူသစ်ဆိုတာက လူဟောင်းနဲ့ စံချိန်တန်းတူ လုပ်နိုင်ဘူးလေ။ စံချိန်တောင်းတဲ့နေရာမှာ ဆဲဆိုပြီး ပြောတာတွေလည်း ရှိတယ်။ ပြီးတော့ ရက်မှန်ကြေး ၁၆၀၀၀ ပေးမယ်။ ၁၅ ရက်စီ နှစ်ခါခွဲပေးမယ်လို့ ကြေညာပြီး မပေးတော့ဘူးလို့ အလုပ်သမားတွေကို ပြောတယ်။ ၂၉ ရက်မှာ ညှိနှိုင်းပေမဲ့ လုံးဝအဆင်မပြေတဲ့ အတွက် ၃၀ ရက်မှာ သပိတ်မှောက် ဆန္ဒပြတာပါ” ဟု ဆန္ဒပြ အလုပ်သမား တစ်ဦးဖြစ်သူ ကိုထွန်းစိန်က ပြောကြားသည်။

AMG Garment (1), (2) စက်ရုံ အလုပ်သမားများ၏ တောင်းဆိုချက်များမှာ ကျပ် ၄၈၀၀ ကို တစ်ပြေးညီ ပေးမည်ဟုပြောပြီး မပေးသည့်အပေါ် ဆွေးနွေးပေးရန်၊ ရက်မှန်ကြေးပေးရန်၊ ကျွမ်းကျင်ကြေးကို အေအဆင့်ငါးသောင်း၊ ဘီအဆင့်လေးသောင်း၊ စီအဆင့် သုံးသောင်းပေးရန်၊ အလုပ်သင်များနှင့် လူဟောင်းများအား စံချိန်တန်းတူ တောင်းခြင်းမပြုရန်၊ နှစ်ကြေးအား တစ်နှစ်ပြည့်ပြီးသူများ တစ်လလျှင် ကျပ် ၄၀၀၀ ထည့်ပေးရန်၊ လစာစလစ်ရှင်းလင်းမှု မရှိခြင်းကို ဖြေရှင်းပေးရန်၊ အရေးပေါ်ယာဉ် ထားရှိပေးရန် စသည်တို့ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းခွင်မဝင်ဘဲ သပိတ်မှောက် ဆန္ဒပြနေသည့် အလုပ်သမားများနှင့် စက်ရုံတာဝန်ရှိသူများ နှစ်ကြိမ်ဆွေးနွေး ညှိနှိုင်းခဲ့သော်လည်း ပြေလည်မှုမရခဲ့ကြောင်း သိရသည်။

အလုပ်သမားများ သပိတ်မှောက် ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်၍ AMG Garment အထည်ချုပ်စက်ရုံရှိ တာဝန်ရှိသူတစ်ဦးအား ဆက်သွယ်မေးမြန်းရာ “ဒီကိစ္စနဲ့ ပတ်သက်ပြီး လက်ရှိတော့ ကျွန်မဘက်က ဘာမှပြောစရာ မရှိဘူး” ဟု ပြန်လည်ဖြေကြားသည်။

Most Read

Most Recent