အိန္ဒိယကုမ္ပဏီတစ်ခုက မြဝတီစက်မှုဇုန်တွင် ဒေါ်လာ ၁ ဒသမ ၃ သန်းကျော် ရင်းနှီးမြှုပ်နှံပြီး မော်တော်ယာဉ်တပ်ဆင် ထုတ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်မည်

အိန္ဒိယကုမ္ပဏီတစ်ခုက မြဝတီစက်မှုဇုန်တွင် ဒေါ်လာ ၁ ဒသမ ၃ သန်းကျော် ရင်းနှီးမြှုပ်နှံပြီး မော်တော်ယာဉ်တပ်ဆင် ထုတ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်မည်
Published 3 June 2018

အိန္ဒိယကုမ္ပဏီတစ်ခုက ကရင်ပြည်နယ် မြဝတီ နယ်စပ်ကုန်သွယ်ရေးစက်မှုဇုန်အတွင်း ဒေါ်လာ ၁ ဒသမ ၃ သန်းကျော်ရင်းနှီးမြှုပ်နှံကာ မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ခြင်း လုပ်ငန်း လုပ်ကိုင်မည်ဖြစ်ကြောင်း ရင် နှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အိန္ဒိယနိုင်ငံ Precision Auto Engineering Co.,Ltd KYN-003/2018 (24.5.2018) က မော်တော်ယာဉ် (နှစ်ဘီး၊ သုံးဘီးနှင့် လေးဘီး) တပ်ဆင်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း Assembling , Manufacturing and Marketing of Automobiles (2 wheels, 3 wheels and 4 wheels) categories ကို  ကရင်ပြည်နယ် မြဝတီမြို့နယ် မဲကနယ်ကျေးရွာ မြဝတီနယ်စပ် ကုန်သွယ်ရေးစက်မှုဇုန်ရှိ မြေကွက်အမှတ် (၃)၊ ဦးပိုင်အမှတ် (၃)၊ အကွက်အမှတ် (၃) တို့တွင် ဒေါ်လာ ၁ ဒသမ ၃၅၂ သန်း ရင်းနှီးမြှုပ်နှံကာ လုပ်ကိုင်ခွင့်ပြု ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် မော်တော်ယာဉ် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်များကို နိုင်ငံလေးနိုင်ငံက ကုမ္ပဏီပေါင်း ခြောက်ခုအထိ လာရောက်ရင်းနှီးမြှုပ်နှံ ထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။

လာရောက်ရင်းနှီးမြှုပ်နှံထားသော နိုင်ငံများမှာ ဂျပန်၊ စင်ကာပူ၊ တရုတ်နှင့် မလေးရှား နိုင်ငံတို့မှဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံအနေဖြင့် Isuzu အမှတ်တံဆိပ် မော်တော်ယာဉ်နှင့် အစိတ်ပိုင်းများ တပ်ဆင်ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းနှင့် Suzuki (Myanmar) Motor Co.Ltd မော်တော်ယာဉ်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ စင်ကာပူနိုင်ငံအနေဖြင့် Scania အမှတ်တံဆိပ်ခရီးသည်တင်ယာဉ်များ တပ်ဆင်ထုတ်လုပ်ရောင်းချခြင်း၊ ပြုပြင်ခြင်းနှင့် ထိန်းသိမ်းရေးလုပ်ငန်း၊ CAPITAL MOTORS LIMITED , Ford အမှတ်တံဆိပ် မော်တော်ယာဉ်များ ထုတ်လုပ်ရောင်းချခြင်း နှင့် ရောင်းချပြီးနောက်ပိုင်း အာမခံပေးခြင်း ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းတို့ဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် Khain Khaing Sang Da Group Co.Ltd  မော်တော်ယာဉ် ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်းနှင့် မလေးရှားနိုင်ငံအနေဖြင့် Tan Chong Motor (Myanmar) Co., Ltd, Nissan အမှတ်တံဆိပ် မော်တော်ကားထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းတို့ဖြစ်သည်။

 

 

Most Read

Most Recent