<

အွန်လိုင်းမှချိတ်ဆက်၍ လာရောက်လည်ပတ်သည့် အနောက်ဥရောပနိုင်ငံသား ခရီးသွားများ ရာခိုင်နှုန်း ၇၀ ခန့် တိုးမြင့်ဝင်ရောက်လျက်ရှိ

အွန်လိုင်းမှချိတ်ဆက်၍ လာရောက်လည်ပတ်သည့် အနောက်ဥရောပနိုင်ငံသား ခရီးသွားများမှာ ရာခိုင်နှုန်း ၇၀ ခန့် တိုးမြင့် ၀င်ရောက်လျက်ရှိသောကြောင့် အွန်လိုင်း ဈေးကွက်တွင်ကျယ်လာသည့်အတွက် ခရီးသွားကုမ္ပဏီအေဂျင်စီများအနေဖြင့် ဈေးကွက် ထိခိုက်မှုများ ရှိလာနိုင်ကြောင်း Myanmar Tourism Fedration မှ သိရသည်။

နိုင်ငံခြားသားခရီးသွားများအနေဖြင့် ခရီးသွားလုပ်ငန်းတွင် အွန်လိုင်းဈေးကွက်မှ ခရီးစဉ်ကြိုတင်မှာယူခြင်းများကို ရောင်းချနိုင်သဖြင့် ကမ္ဘာလှည့်ခရီးသွားဧည့်သည် ရာခိုင်နှုန်း ၇၀ သည် အွန်လိုင်းမှတစ်ဆင့် ချိတ်ဆက် ၀င်ရောက်လာကြောင်း သိရသည်။

“အခုနောက်ပိုင်းမှာ ခရီးသွားတွေက အေဂျင်စီနဲ့သွားတာထက်ကို အွန်လိုင်းကနေ သွားတာပိုများလာတယ်။ အေဂျင်စီနဲ့ သွားတာတွေက Group Tour နဲ့ Business အရ လာတာပဲရှိတယ်။ အခုနောက်ပိုင်း အနောက်ဥရောပနိုင်ငံသား ၃၀ အောက်ပိုင်းလူငယ်တွေက ရာခိုင်နှုန်း ၇၀ လောက် အွန်လိုင်းကို အသုံးပြုလာကြတယ်။ ထိုင်းကိုသွားလည်ပတ်တဲ့ ခရီးသွားတွေကိုကြည့်မယ်ဆိုရင် အေဂျင်စီနဲ့ သွားတာထက် အွန်လိုင်းကနေသွားတဲ့ ခရီးသွားက ပိုများတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ ကြည့်မယ်ဆိုရင်တောင် မြန်မာနိုင်ငံက လူတွေက အေဂျင်စီကိုသုံးပြီး ထိုင်းနိုင်ငံကို သွားမလည်တော့ဘူး။ နောက်ပိုင်း လေယာဉ် လက်မှတ်ကိုလည်း အဲလိုင်းတွေပေါ်လာတဲ့အခါကျတော့ ၀ယ်ရတာ လွယ်ကူတယ်။ ခရီးစဉ်လမ်းကြောင်းတွေကိုလည်း ကိုယ့်ဟာကိုယ် မြေပုံကြည့်ပြီးလည်ပတ်လို့ရတယ်။ ထိုင်းနိုင်ငံက သွားလာရလွယ်ကူအောင် သိသာနေပြီ။ ကျွန်တော်တို့နိုင်ငံကတော့ Online Travel Agency နဲ့ လာတဲ့ဧည့်သည်က ခရီးစဉ်ကို ထိုင်းလောက်မမြင်သာသေးပေမယ့် တဖြည်းဖြည်းနဲ့တော့ သိသာလာမှာပါ။ အွန်လိုင်းနဲ့သွားတဲ့ ခရီးသွားတွေအနေနဲ့ဆိုရင် Package အနေနဲ့ခက်တယ်။ စီးပွားရေးအရလာတဲ့ ခရီးသွားတွေက Save ဖြစ်တယ်။ မြန်မာနိုင်ငံကို ၀င်တဲ့ ခရီးသွားတွေက နှစ်တိုင်း Agency ရော အွန်လိုင်းနဲ့ပါ တိုးတက်မှုရှိပါတယ်။ အုပ်စုလိုက်လာတဲ့ Tour ဆိုရင်တော့ Local Agency ကိုပဲ မှီခိုရမှာပါ” ဟု Myanmar Tourism Fedration မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့အတူ အွန်လိုင်းဈေးကွက် တွင်ကျယ်လာသည့်အတွက် ပြည်တွင်းမှခရီးသွားကုမ္ပဏီအချို့သည် နိုင်ငံခြားခရီးသွားကုမ္ပဏီများ နှင့် အွန်လိုင်းခရီးသွားကုမ္ပဏီများကို မယှဉ်ပြိုင်နိုင်သောကြောင့် ၎င်းတို့၏ စီးပွားရေးထိခိုက်မှုများလည်း ရှိလာနိုင်ကြောင်း ခရီးသွားလုပ်ငန်းရှင်များက သုံးသပ်ထားသည်။

ထို့ပြင် ပြည်တွင်းခရီးသွားများအနေဖြင့် ဆွဲဆောင်မှုရှိသော နေရာဒေသများကို နိုင်ငံခြားကုမ္ပဏီများထက် ပိုမိုသိရှိခြင်းနှင့် ဧည့်သည်အကြိုက်ခရီးစဉ်များနှင့် ၀န်ဆောင်မှုများကို လေ့လာခြင်းအားဖြင့် အွန်လိုင်းဈေးကွက်အန္တရာယ်ကို ကာကွယ်နိုင်ကြောင်း သိရသည်။

June 2, 2018














Copy Protected by Chetan's WP-Copyprotect.