အနည်းဆုံးလုပ်ခနှုန်းအတိုင်း လစာမရသော YRTA ဝန်ထမ်းများ စုပေါင်းလက်မှတ်ရေးထိုး၍ အနည်းဆုံးလုပ်ခပေးချေရန် တောင်းဆို

အနည်းဆုံးလုပ်ခနှုန်းအတိုင်း လစာမရသော YRTA ဝန်ထမ်းများ စုပေါင်းလက်မှတ်ရေးထိုး၍ အနည်းဆုံးလုပ်ခပေးချေရန် တောင်းဆို
Published 2 June 2018

အနည်းဆုံး လုပ်ခလစာနှုန်းအတိုင်း  လစာမရရှိခြင်းမရှိသော YRTA ဝန်ထမ်းများ စုပေါင်းလက်မှတ်ထိုး၍  အနည်းဆုံး လုပ်ခလစာပေးချေရန် တောင်းဆိုလျက်ရှိသည်။

အဆိုပါ YRTA ဝန်ထမ်း ၁၁၁ ဦး စုပေါင်းထိုးထားသည့် လက်မှတ်များကို ဇွန် ၁ ရက် ညနေပိုင်းတွင် တာမွေအလုပ်ရုံ၊ အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနသို့ သွားရောက်ပေးပို့၍ အနည်းဆုံး လုပ်ခအတိုင်းပေးရန် တောင်းဆိုထားကြောင်း သိရသည်။

“မ.ထ.သ ကနေ YRTA ပြောင်းလိုက်တဲ့ ၂၀၁၇ တစ်လပိုင်း ၁၆ ရက်ကတည်းက အခုအထိ အနည်းဆုံးလစာမရဘူး။ မထသ လက်ထက်တုန်းက ကျွန်တော်က ဂိတ်မှူး၊ လစာက ၁၀၅၀၀၀ ရတယ်။ ကျွန်တော့်အောက်က လူတွေထဲမှာ ခုနစ်သောင်းလောက်ပဲရတဲ့ လူတောင်ရှိတယ်။ အဲဒီလစာတွေက အခုချိန်အထိ မပြောင်းလဲဘူး။ အစိုးရက ၄၈၀၀ ပြောင်းသွားလဲ ကျွန်တော်တို့လစာတွေမတိုးဘူး။ အရင်အတိုင်းပဲရတယ်” ဟု YRTA ယာဉ်စည်းကမ်းထိန်းသိမ်းရေးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဦးနေလင်းက ပြောကြားသည်။

အဆိုပါဝန်ထမ်းများသည် ယခင်အနည်းဆုံးလုပ်ခလစာ ကျပ် ၃၆၀၀ မရသည့်အပြင် မေ ၁၄ ရက်က  ထပ်မံ အတည်ပြုသတ်မှတ်ခဲ့သည့် အနည်းဆုံးလုပ်ခလစာ ကျပ် ၄၈၀၀ နှုန်းထားကိုလည်း ရရှိခြင်းမရှိသဖြင့် ယင်းကဲ့သို့ လက်မှတ်ရေးထိုး တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။

“YRTA  မှာ ဖွဲ့စည်းပုံမဆွဲရသေးတဲ့အတွက် အနည်းဆုံးလစာမပေးနိုင်ဘူးလို့ အရင် မထသ ဥက္ကဋ္ဌ ဦးလှအောင်က ကျွန်တော်တို့ကို အစည်းအဝေးခေါ်ပြီးပြောတယ်” ဟု ဦးနေလင်းက ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ယခင် မ.ထ. သ (ဗဟို) ဥက္ကဋ္ဌ လက်ရှိ YRTA အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးလှအောင်က “အနည်းဆုံးလုပ်ခ လစာမပေးနိုင်ဘူးလို့ ကျွန်တော်တစ်ခွန်းမှ မပြောခဲ့ဘူး။ ကျွန်တော်တို့လစာနဲ့ ပတ်သက်ပြီး YRTA က မထသဝန်ထမ်းတွေကို လွှဲပြောင်းရယူပြီးတဲ့နောက် ရသင့်ရထိုင်တာတွေ၊ လုပ်သက်ဆုကြေးတွေ ခွင့်ပြုပေးတဲ့အပြင် မထသတုန်းက ခံစားခွင့်တွေကို ဆက်လက်ခံစား ခွင့်ပြုထားပါတယ်” ဟု ပြောကြားသည်။

 

 

 

 

 

 

Most Read

Most Recent