YRTA ကျောင်းကားများ စတင်ပြေးဆွဲသည့်နေ့တွင် ကျောင်းချိန်အမီ ကျောင်းကား မရောက်ရှိခြင်း အပါအဝင် အခြားအခက်အခဲများစွာ ကျောင်းသားမိဘများ ကြုံတွေ့

YRTA ကျောင်းကားများ စတင်ပြေးဆွဲသည့်နေ့တွင် ကျောင်းချိန်အမီ ကျောင်းကား မရောက်ရှိခြင်း အပါအဝင် အခြားအခက်အခဲများစွာ ကျောင်းသားမိဘများ ကြုံတွေ့
Published 2 June 2018

ဇွန် ၁ ရက်တွင် YRTA ကျောင်းကားများကို ရန်ကင်း TTC နှင့် ကမာရွတ် TTC ကျောင်းများတွင် စတင်ပြေးဆွဲခဲ့ပြီး ကျောင်းချိန်အမီ မရောက်ခြင်း အပါအဝင် အခြားအခက်အခဲများစွာကို ကျောင်းသားမိဘများ ကြုံတွေ့နေရကြောင်း သိရသည်။

ဇွန် ၁ ရက်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခဲ့ပြီး ယင်းနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအစီအစဉ်ဖြင့် ဝယ်ယူထားသည့် YRTA ကျောင်းကားများကို ရန်ကင်း TTC နှင့် ကမာရွတ် TTC ကျောင်းများ၌ စတင်ပြေးဆွဲရာတွင် ကျောင်းချိန်အမီ ကျောင်းကားမရောက်ရှိခြင်း၊ ကျောင်းသားမိဘများအနေဖြင့် ကျောင်းကြိုရာတွင် အခက်အခဲများ ဖြစ်ပေါ်ခြင်း၊ သတ်မှတ်လမ်းကြောင်းပေါ်တွင် မရှိသည့် ကျောင်းသားများအနေဖြင့်  YRTA ကျောင်းကားများ လိုက်ပါစီးနင်းရန် အခက်အခဲများ ရှိခြင်းများကို

ကျောင်းသားမိဘများ ကြုံတွေ့နေရကြောင်း သိရသည်။

YRTA ကျောင်းကားများကို သတ်မှတ်လမ်းကြောင်း သုံးခုဖြင့် စတင်ပြေးဆွဲနေခြင်း ဖြစ်ပြီး စတင်ပြေးဆွဲသည့် ဇွန် ၁ ရက်တွင် မြောက်ဒဂုံမြို့နယ်ဘက်မှ လာရောက်ပြီး ရန်ကင်း TTC ကျောင်းသို့ လာရောက်သည့် ကျောင်းသားအချို့ ကျောင်းချိန်မမီခဲ့ကြောင်း သိရသည်။

“မနက်က စစီးတာ။ ကျောင်းကားက ၉ နာရီကျော်မှ ကျောင်းကိုရောက်တယ်။ ကျောင်းချိန်က ၈ နာရီလေ။ ကျောင်းမမီဘူး”  ဟု မြောက်ဒဂုံမြို့နယ်မှ လာရောက်သည့် ကျောင်းသား မိဘတစ်ဦးက ပြောကြားသည်။

YRTA ကျောင်းကားများ စီးနင်းရာတွင် ကျောင်းသားမိဘအချို့က  ၎င်းတို့သားသမီးများနှင့်အတူ ကျောင်းကားလိုက်စီးခြင်းများ ရှိခဲ့သော်လည်း အချို့မိဘများအတူ လာရောက်ခြင်း မရှိဘဲ ကျောင်းရှေ့သို့ ကြိုတင်ရောက်ရှိ၍ စောင့်နေခြင်းများ ရှိသည်ကိုတွေ့ရသည်။

ထို့ပြင် ကျောင်းဆင်းချိန် ကျောင်းကြိုရာတွင် အခက်အခဲများကြုံတွေ့ခဲ့ရသလို သတ်မှတ်ထားသည့် လမ်းကြောင်းပေါ်တွင် မရှိသည့် ကျောင်းသားများအနေဖြင့်လည်း လိုက်ပါစီးနင်းရန်အတွက် အခက်အခဲများ ရှိခဲ့ကြောင်း သိရသည်။

“ကျောင်းကြိုရတာက မနှစ်ကနဲ့ကို မတူပါဘူး။ အစီအစဉ်တကျလည်း မရှိဘူး။

ကျောင်းကားတွေနဲ့ ထွက်လာတာကတစ်မျိုး။ ကိုယ့်သားသမီးကိုယ် ရှာရတာကတစ်မျိုး။ တော်တော်ကို စိတ်ရှုပ်ရတယ်”   ဟု ရန်ကင်းမြို့တွင် နေထိုင်သည့် အလယ်တန်းကျောင်သူတစ်ဦး၏ မိခင်ဖြစ်သူ ပြောကြားသည်။

YRTA  ကျောင်းကားများကို ရန်ကင်း TTC တွင် တက်ရောက်နေသည့် ကျောင်းသားများက အများဆုံးစီးနင်းသည်ဟု သိရပြီး လက်ရှိတွင် ကျောင်းကားဈေးနှုန်းများ သတ်မှတ်ထားခြင်း မရှိသေးသော်လည်း တစ်လလျှင် ကျပ်လေးသောင်းမှ ကျပ်ခုနစ်သောင်းအထိ ကျောင်းကားခ ရှိနိုင်ကြောင်း သိရသည်။

ကမာရွတ် TTC ကျောင်းတွင်မူ ယခင် စီးနင်းခဲ့သည့် ကျောင်းကားများကို ယခုနှစ်အတွက် ဆက်လက်ခွင့်ပြုပေးထားသဖြင့် YRTA ကျောင်းကား စီးနင်းသူနည်းပါးကြောင်း သိရသည်။

ထို့ပြင် အခြေခံပညာကျောင်းများကို ဇွန် ၁ ရက်တွင် စတင်ဖွင့် လှစ်ခဲ့ပြီး ကျောင်းတက်ချိန်နှင့်ကျောင်းဆင်းချိန်များတွင် ယာဉ်ကြောကျပ်တည်းမှုအချို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ကျောင်းတက်ချိန်နှင့် ကျောင်းဆင်းချိန်များတွင် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားခဲ့ပြီး ကျောင်းသားမိဘများသည်လည်း အခက်အခဲများ ရှိခဲ့ကြောင်း သိရသည်။

“ယာဉ်ကြောပိတ်တာကတော့ နှစ်တိုင်းပါပဲ။ မိုးရွာရင်ပိုဆိုးတယ်။ ကလေးတွေအတွက် အန္တရာယ်လည်းများတယ်။ ယာဉ်ထိန်းရဲတွေကတော့ ရှင်းပေးကြတယ်။အခက်အခဲတွေတော့ ရှိတာပေါ့” ဟု ကျောင်းသားမိဘတစ်ဦးက ပြောကြားသည်။

ရန်ကင်းမြို့နယ်တွင်ရှိသည့် ရန်ကင်းပညာရေးကောလိပ်  လေ့ကျင့်ရေးရေးအလယ်တန်းကျောင်းရှေ့တွင် ကျောင်းတက်ချိန်နှင့် ကျောင်းဆင်းချိန်များတွင် လမ်းတစ်လျှောက် ယာဉ်ကြောပိတ်ဆို့မှုများရှိခဲ့ကြောင်း သိရသည်။

“ပုံမှန်အချိန်တော့ ယာဉ်ကြောပိတ်တာ သိပ်မရှိဘူး။ ကျောင်းတက်ကျောင်းဆင်းချိန်ကတော့ ယာဉ်ကြောပိတ်တာတွေဖြစ်တယ်။ ကားလမ်းကူးရတာ အဆင်မပြေဘူး” ဟု ရန်ကင်း ပညာရေးကောလိပ် လေ့ကျင့်ရေး အလယ်တန်းကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသူတစ်ဦး၏မိခင်ဖြစ်သူ ဒေါ်သူဇာက ပြောကြားသည်။

ထို့အတူ သင်္ဃန်းကျွန်းမြို့နယ်ရှိ သင်္ဃန်းကျွန်း အထက (၁) ရှေ့ရှိ လေးထောင့်ကန်လမ်းမပေါ်တွင်လည်း ကျောင်းတက်ချိန်နှင့် ကျောင်းဆင်းချိန်များတွင် ယာဉ်ကြောပိတ်ဆို့မှုများရှိခဲ့ပြီး ကျောင်းသားမိဘများ အခက်အခဲများ ရှိခဲ့ကြောင်း သိရသည်။

“ကလေးတွေအတွက် စိတ်ပူတာပေါ့။ ကားတွေပိတ်တော့ ကျွန်တော်တို့အတွက်လည်း အခက်အခဲရှိတယ်။ ကျောင်းဆင်းချိန် ညနေပိုင်းဆို ပိုပိတ်တယ်။ သတိထားပြီး မောင်းရတယ်” ဟု ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

Most Recent