သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်မရှိ၍ တိုင်းရင်းသားအခွင့်အရေးများ ဆုံးရှုံးနေရသောကြောင့် တိုင်းရင်းသားများအတွက် အထူးကိစ္စရပ်တစ်ခုအနေဖြင့် သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်ရရှိရန် ဆောင်ရွက်ပေးမည့်အစီအစဉ် ရှိ မရှိ မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် မေးမြန်း

သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်မရှိ၍ တိုင်းရင်းသားအခွင့်အရေးများ ဆုံးရှုံးနေရသောကြောင့် တိုင်းရင်းသားများအတွက် အထူးကိစ္စရပ်တစ်ခုအနေဖြင့် သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်ရရှိရန် ဆောင်ရွက်ပေးမည့်အစီအစဉ် ရှိ မရှိ မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် မေးမြန်း
Published 2 June 2018

သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်မရှိ၍ တိုင်းရင်းသားအခွင့်အရေးများ ဆုံးရှုံးနေရသောကြောင့် တိုင်းရင်းသားများအတွက် အထူးကိစ္စရပ်တစ်ခုအနေဖြင့် သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်ရရှိရန် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ မရှိကို မေ ၃၀ ရက် နံနက်ပိုင်းက မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (ဒုတိ ယနေ့) တွင် သထုံမြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က မေးမြန်းခဲ့သည်။

မွန်ပြည်နယ်အတွင်း တိုင်းရင်းသားများ ဝေးလံခေါင်သည့်နေရာများတွင် လူဦးရေပြန့်ကျဲစွာနေထိုင်ကြပြီး ယင်းနေရာများမှာ ယခင်က အမဲရောင်နယ်မြေ၊ အညိုရောင်နယ်မြေအဖြစ် သတ်မှတ်ခံခဲ့ရ၍ ဆက်သွယ်သွားလာရခက်ခဲသည့် နေရာလည်းဖြစ်ခဲ့ကြောင်း၊ ယခုအချိန်တွင် ငြိမ်းချမ်းရေးများ ရရှိလာပြီးဖြစ်၍ ဖွံ့ဖြိုးလာသည့်အလျောက် ယင်းဒေသမှာရှိသည့် ကလေးများ၏ အနာဂတ်ပညာရေး၊ ကျန်းမာရေးကအစ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်နေသောကြောင့် ကလေးတစ်ယောက် ကျောင်းနေရန်အတွက်လည်း မွေးစာရင်းလိုအပ်သလို သန်းခေါင်စာရင်း ထည့်ထားမှသာ မှတ်ပုံတင်ပြုလုပ်နိုင်မည့် အနေအထားမျိုးဖြစ်နေကြောင်း ဒေါ်ခိုင်ခိုင်လဲ့က လွှတ်တော်သို့ မေးခွန်းမေးမြန်းရာတွင် ထည့်သွင်းပြောကြားသည်။

“မှတ်ပုံတင်ရှိမှသာ အဲဒီကလေးဟာ တက္ကသိုလ်တက်နိုင်မယ်။ အလုပ်အကိုင်အခွင့်အလမ်း လုပ်ကိုင်ရရှိနိုင်မှာ ဖြစ်ပါတယ်။ ယခင့်ယခင် မိဘဘိုးဘွားများကလည်း မှတ်ပုံတင်မရှိခြင်း၊ သန်ခေါင်းစာရင်းမရှိခြင်းအတွက် သူတို့ရဲ့နောက်မျိုးဆက်ကလေးတွေမှာတော့ အခက်အခဲများစွာ ရင်ဆိုင်နေရပါတယ်။ ထို့ကြောင့် တိုင်းရင်းသားများအတွက် အထူးကိစ္စရပ်တစ်ခုအနေဖြင့် သန်းခေါင်စာရင်း ရရှိရန်နှင့် မှတ်ပုံတင်ရရှိရန်အတွက် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် မေးမြန်းအပ်ပါသည်” ဟု ဒေါ်ခိုင်ခိုင်လဲ့က ပြောကြားသည်။

ထိုသို့ မေးမြန်းမှုနှင့်ပတ်သက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်က “လက်ရှိ မိမိတို့ပြည်နယ်တွေမှာ မှတ်ပုံတင်ပြုလုပ်ပေးဖို့ ဆိုလို့ရှိရင် ပထမဦးစွာ အိမ်ထောင်စုစာရင်း လို့ခေါ်တဲ့ သန်းခေါင်စာရင်းရှိရမယ်။ အိမ်ထောင်စုစာရင်း၊ သန်းခေါင်စာရင်းရှိမှသာလျှင် မှတ်ပုံတင်ပြုလုပ်လို့ရပါတယ်။ ဒီလို အိမ်ထောင်စုစာရင်း၊ သန်ခေါင်းစာရင်း မရှိဘဲနဲ့ မှတ်ပုံတင်ပြုလုပ်ဖို့အကြောင်းအရာသည် မိမိတို့ပြည်နယ်အနေနဲ့ ဆောင်ရွက်နိုင်ခြင်းမရှိဘဲနဲ့ သက်ဆိုင်ရာဥပဒေလုပ်ထုံး လုပ်နည်းများကို ပြုပြင်ပြီးမှ ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက်ကြောင့် ဒါသည်ပြည်ထောင်စု အဆင့်မှသာလျှင် ဆုံးဖြတ်နိုင်စွမ်းရှိပါလိမ့်မည်” ဟု  ပြန်လည်ဖြေကြားခဲ့သည်။

ယင်းသို့ပြန်လည်ဖြေကြားမှုနှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က “သန်းခေါင်စာရင်းမရှိလို့ မှတ်ပုံတင်လုပ်လို့မရဘူးဆိုတာ ကျွန်မ သဘောပေါက်ပါတယ်။ တကယ့်ကို မြို့နယ်နဲ့ အရမ်းဝေးနေတယ်။ အိမ်ထောင်စုစာရင်းတောင် သတ်မှတ်ခံရခြင်း မရှိဘူး။ သန်းခေါင်စာရင်းလည်း ရှိမှာမဟုတ်ဘူး။ အဲဒီလူမျိုးစုတွေအတွက်လည်း သန်းခေါင်စာရင်း ပထမဦးဆုံးအနနဲ့ ဝန်ကြီးတို့ဌာနက လုပ်ပေးဖို့ အစီအစဉ်ရှိလားလို့ သိရှိလိုပါတယ်” ဟု ဆက်စပ်မေးခွန်းအဖြစ် ထပ်မံမေးမြန်းခဲ့သည်။

သန်းခေါင်စာရင်းဆောင်ရွက်သည့်နေရာမှာ မိမိတို့ဌာနတစ်ခုနှင့် ဆောင်ရွက်မရသောကြောင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် လက်ရှိပြဋ္ဌာန်းထားသည့် ဥပဒေညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လက်ရှိပြဋ္ဌာန်းထားသည့်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအရ အိမ်ထောင်စုစာရင်းခေါ် သန်းခေါင်စာရင်းကို ပြုလုပ်ပေးနိုင်မှသာ မှတ်ပုံတင်ကို ပြုလုပ်ပေးနိုင်မည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်က ပြန်လည်ဖြေကြားခဲ့သည်။

“သန်းခေါင်စာရင်းရဖို့ တိုင်းရင်းသားတွေက ဘယ်လိုဆောင်ရွက်ရမလဲ။ အိမ်ထောင်စုစာရင်း (ခေါ်) သန်းခေါင်စာရင်းမရှိရင် မှတ်ပုံတင်လုပ်လို့မရဘူး။ အဲဒီတော့ သန်းခေါင်စာရင်းရဖို့ ပြည်နယ်အစိုးရအနေနဲ့ ပထမဦးစွာဆောင်ရွက်ပေးဖို့ အစီအစဉ်ရှိ မရှိဘဲဖြေပေးပါ” ဟု မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ထပ်မံမေးမြန်းခဲ့သည်။

ယင်းအပေါ် ဝန်ကြီးဦးဝဏ္ဏကျော်က “ယင်းမေးခွန်းသည် အင်မတန်ကျယ်ဝန်းသည့် မေးခွန်းဖြစ်သည့်အတွက် မိမိအနေဖြင့် အစိုးရတစ်ဖွဲ့လုံးကို ကိုယ်စားပြုပြီး သန်းခေါင်စာရင်းလုပ်ပေးမယ်။ မလုပ်ပေးဘူးဆိုသည့်မေးခွန်းကို လွှတ်တော်တွင် ဖြေကြားရန် ခက်ခဲသည့်အတွက် ပြည်နယ်အစိုးရအဖွဲ့ ကက်ဘိနက်တွင် ပြန်လည်တင်ပြပြီး ရရှိလာသည့်အဖြေကို လွှတ်တော်တွင်ပေးပို့ သွားမည်ဖြစ်ပါတယ်” ဟု ဖြေကြားသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မွန်ပြည်နယ်အတွင်း၌ လူဦးရေ ၂ ဒသမ ၀၅ သန်း ကျော်ရှိသည့်အနက် နိုင်ငံသားစိစစ်ရေးကတ် အပါအဝင် ကတ်အမျိုးမျိုးကိုင်ဆောင်ထား သူ ၇၁ ဒသမ  ၅ ရာခိုင်နှုန်းရှိပြီး မည်သည့် ကတ်မှမကိုင်ဆောင်ထားသူ  ၂၈ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

Most Read

Most Recent