ဘင်္ဂါလီမွတ်စလင်များ ပြန်လာရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂအား ရခိုင်ပြည်နယ်သို့ မြန်မာနိုင်ငံက ဝင်ရောက်ခွင့်ပြုမည်

ဘင်္ဂါလီမွတ်စလင်များ ပြန်လာရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂအား ရခိုင်ပြည်နယ်သို့ မြန်မာနိုင်ငံက ဝင်ရောက်ခွင့်ပြုမည်
Published 2 June 2018

သိန်းနှင့်ချီသော ဘင်္ဂါလီမွတ်စလင်ဒုက္ခသည်များ ပြန်လည်လက်ခံပုံနှင့်ပတ်သက်၍ လအတန်ကြာ အငြင်းပွားခဲ့ပြီးနောက် မြန်မာအစိုးရက ပဋိပက္ခဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်သို့ ဝင်ရောက်ခွင့်ပြုရန် မေ ၃၁ ရက်တွင် အာမခံခဲ့ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဘင်္ဂါ လီ မွတ်စလင်ဒုက္ခသည် ၇၀၀,၀၀၀ ခန့်ကို ထွက်ပြေးစေခဲ့သည့် တပ်မတော်စစ်ဆင်ရေး တစ်ရပ်ပြီးနောက် မြန်မာနိုင်ငံအနောက်ပိုင်းရှိ ရခိုင်ပြည်နယ်သို့ ဝင်ရောက်ခွင့်ကို အကြီးအကျယ် ပိတ်ဆို့ထားခဲ့သည်။

ကုလသမဂ္ဂနှင့် အမေရိကန်တို့က မြန်မာတပ်မတော်၏ စစ်ဆင်ရေးကို လူမျိုးစုလိုက် သုတ်သင်မှုဟု အမည်တပ်ခဲ့သော်လည်း မြန်မာတပ်မတော်က ယင်းသည် ဘင်္ဂါလီမွတ်စလင် အကြမ်းဖက်သမားများကို တိုက်ခိုက်ခြင်းသာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

လွန်ခဲ့သည့်နှစ် နိုဝင်ဘာလက မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ဒုက္ခသည် များ ပြန်လည်လက်ခံရေး သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသော်လည်း ယခုအထိ ဒုက္ခသည် ဒါဇင်အနည်းငယ်မျှသာ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာပြီး အများစုက ဘေးကင်းလုံခြုံရေးနှင့် နိုင်ငံသား ဖြစ်ခွင့်ရရေးကို တောင်းဆိုနေကြသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်ရှိ မြေပြင်အနေအထားများသည် ဘေးကင်းလုံခြုံစွာ မိမိသဘောဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိ ပြန်လာရေးအတွက် အသင့်မဖြစ်သေးကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။

သို့သော် မေ ၃၁ ရက်သဘောတူညီချက် မူကြမ်းသည် ကုလသမဂ္ဂအေဂျင်စီများအား  ရခိုင်ပြည်နယ်အတွင်းသို့ ဝင်ရောက်ရန် ခွင့်ပြုထားသည်။ ယင်းတွင် ၂၀၁၇ ခုနှစ် သြဂုတ်လ၌ အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက်ပိုင်း  ဝင်ရောက်ခွင့်မပြုတော့သည့် ဒုက္ခသည်များ၏ မူရင်းနေရာများနှင့် ပြန်လည်ရောက်ရှိလာ ဖွယ်ရှိသော နေရာများလည်း ပါဝင်သည်ဟု ဆိုသည်။

ယင်းကဲ့သို့ ဝင်ရောက်ခွင့်တွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီကို မြေပြင် အခြေအနေရပ်များအား လေ့လာစုံစမ်းခွင့်နှင့် လှုပ်ရှားဆောင်ရွက်မှုများအတွက် ကာကွယ်စောင့်ရှောက်မှုပေးခြင်းတို့လည်း ပါဝင်ကြောင်း ကုလသမဂ္ဂ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံက ၎င်းတို့အနေဖြင့် ဘင်္ဂါလီမွတ်စလင်များအား ပြန်လည်လက်ခံရန် အဆင်သင့်ရှိကြောင်း ပြောကြားခဲ့ပြီး ကြန့်ကြာနေခြင်းနှင့်ပတ်သက်၍ မည်သူ့တွင် တာဝန်ရှိသနည်းဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အပြန်အလှန် စွပ်စွဲပြောဆိုမှုများ ပြုလုပ်လျက်ရှိသည်။

သို့သော် ဝေဖန်သူများက သဘောတူညီချက်အသစ်နှင့်ပတ်သက်၍ ရိုးသားမှုနှင့် အတိုင်းအတာကို မေးခွန်းထုတ်လျက်ရှိသည်။

ယခုသဘောတူညီချက်မူကြမ်းသည် ကုလသမဂ္ဂအေဂျင်စီများအား လွတ်လပ်စွာ ဝင်ရောက်ခွင့်ပြုရေးကို မြန်မာအစိုးရက တစ်လျှောက်လုံး ငြင်းဆိုခဲ့မှုများနှင့် ပတ်သက်သည့် ဖျက်လိုဖျက်ဆီးသဘောဆောင်သော အကျိုးဆက်များ ရပ်တန့်သွားစေရေးကို အထောက်အကူပြုသည့် အခွင့်အလမ်းတစ်ရပ်ဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ (HRW)  မြန်မာနိုင်ငံဆိုင်ရာ သုတေသနမှူး ရစ်ချ်ဝေယာက ပြောကြားခဲ့သည်။

“ဒါပေမဲ့ လွတ်လပ်တဲ့ စစ်ဆေးစောင့်ကြည့်မှုတွေ ပြုလုပ်ဖို့ ရခိုင်ပြည်နယ်ကို ဖွင့်ပေးဖို့ ဆန္ဒရှိတဲ့ လုပ်ဆောင်ချက်တွေကနေတစ်ဆင့် မြန်မာအစိုးရက ဖော်မပြနိုင်ဘူးဆိုရင် ဒီသဘောတူညီချက်ဟာ ရေးထားတဲ့စက္ကူလောက်တောင် တန်ဖိုးရှိမှာမဟုတ်ပါဘူး” ဟု ရစ်ချ်ဝေယာက ပြောကြားခဲ့သည်။

ARSA ၏ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အခြား ပတ်သက်ဆက်နွှယ်နေသည့် အကြောင်းအရာများကို စုံစမ်းစစ်ဆေးရန်အတွက် လွတ်လပ်သောအဖွဲ့ ဖွဲ့မည်ဖြစ်ကြောင်း မြန်မာအစိုးရကလည်း ပြောကြားခဲ့သည်။ ARSA ဟူသည်မှာ သြဂုတ်လအတွင်းက တိုက်ခိုက်မှုများဆောင်ရွက်ပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် တစ်ဒါဇင်ခန့်ကို သတ်ဖြတ်ခဲ့သည့် ဘင်္ဂါလီမွတ်စလင်အကြမ်းဖက်အဖွဲ့ကို ရည်ညွှန်းခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းထားသော အချက်အလက်ရှာဖွေရေးမစ်ရှင်အဖွဲ့ကို နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်ပြုရန် ငြင်းဆိုခဲ့ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကျွမ်းကျင်သူ ယန်ဟီးလီကိုပါ ပိတ်ပင်ခဲ့သည်။ မြန်မာနိုင်ငံသည် လုံခြုံရေးတပ်များက ရခိုင်ပြည်နယ်၌ ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခဲ့သည်ဟူသည့် စွပ်စွဲချက် အားလုံးနီးပါးကို ပယ်ချခဲ့သည်။

မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) သည် ၎င်းအပေါ် တရားစီရင်ပိုင်ခွင့်မရှိဟု ဆိုကာ ပဋိပက္ခနှင့်ပတ်သက်၍ ICC က စုံစမ်းစစ်ဆေးမှု စတင်ရန် ကြိုးပမ်းမှုတစ်ရပ်အားလည်း ပယ်ချခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်အသစ် ခရစ္စတင်းရှာရနာဘာဂန်နာသည် လုံခြုံရေးကောင်စီမှကိုယ်စားလှယ်များ လာရောက်ပြီးနောက်ပိုင်း ဒုက္ခသည် အကျပ်အတည်းနှင့်ပတ်သက်၍ ဆွေးနွေးရန် ပထမဆုံးအဖြစ် ဇွန်လအတွင်း မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

Ref; AFP

Most Read

Most Recent