တစ်နိုင်ငံလုံးမှ နိုင်ငံရေးပါတီများကို ခေါ်ယူတွေ့ဆုံ၍ ထိတွေ့ဆက်ဆံပြီး ပါတီများ၏ အသံများ နားထောင်သင့်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား နိုင်ငံတော်သမ္မတ တွေ့ဆုံပြောကြား

တစ်နိုင်ငံလုံးမှ နိုင်ငံရေးပါတီများကို ခေါ်ယူတွေ့ဆုံ၍ ထိတွေ့ဆက်ဆံပြီး ပါတီများ၏ အသံများ နားထောင်သင့်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား နိုင်ငံတော်သမ္မတ တွေ့ဆုံပြောကြား
Published 2 June 2018

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် အဖွဲ့ဝင်များ ဇွန် ၁ ရက်က နိုင်ငံတော်သမ္မတအိမ်တော်တွင် တွေ့ဆုံနေစဉ်

တစ်နိုင်ငံလုံးမှ နိုင်ငံရေးပါတီများကို ခေါ်ယူတွေ့ဆုံ၍ ထိတွေ့ဆက်ဆံပြီး ပါတီများ၏အသံများကို  နားထောင်သင့်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တွေ့ဆုံပြောကြားကြောင်း နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့် အဖွဲ့ဝင်များအား ဇွန် ၁ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရန်နှင့် နိုင်ငံရေးပါတီများအား ကြပ်မတ်ဆောင်ရွက်ရန် တာဝန်ရှိပါကြောင်း၊ မဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် စနစ်တကျ ဆောင်ရွက်စေလိုပါကြောင်း၊ မဲစာရင်းများ တိကျမှန်ကန်စွာ ပြုစုရေးသည် အရေးကြီးပါကြောင်း၊ ထို့ပြင် မဲဆန္ဒရှင်နိုင်ငံသားများသည် ၎င်းတို့ မည်သည့် မဲရုံတွင် မဲပေးရမည်ကို လွယ်ကူစွာ သိရှိစေရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် ကော်မရှင်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်အရ နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီ ကြီးကြပ်ရန် လိုအပ်ပါကြောင်း၊ ကော်မရှင်ရုံးချုပ်တွင် တစ်နိုင်ငံလုံးမှ နိုင်ငံရေးပါတီများကို ခေါ်ယူတွေ့ဆုံ၍ ထိတွေ့ဆက်ဆံပြီး ပါတီများ၏ အသံများကိုလည်း နားထောင်သင့်ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲများအား လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများကို ကျေကျေညက်ညက် သိရှိနားလည်စေရန်အတွက် သင်တန်းများပေးရန် လိုအပ်ပါကြောင်း၊ မဲဆန္ဒရှင်များက ယုံကြည်အားကိုးသည့် ကော်မရှင်အဖွဲ့ခွဲများဖြစ်ရန် ကြိုတင်ပြင်ဆင်စီမံ ဆောင်ရွက်ထားစေလိုပါကြောင်း၊ အဓိကအားဖြင့် အချုပ်အခြာအာဏာသည် ပြည်သူ့ထံမှ ဆင်းသက်သည်ဟူသော ဒီမိုကရေစီမူအရ ရွေးကောက်ပွဲများအား ပြည်သူလူထု၏ ဆန္ဒနှင့်အညီ လွတ်လပ်၍ တရားမျှတပြီး ချောမောအောင်မြင်စေရန်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းထုတ်ပြန်မှုတွင် ပါရှိသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ကြားဖြတ်ရွေး ကောက်ပွဲအတွက် မဲစာရင်းများ ဆောင်ရွက်နေမှုနှင့် ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ ကော်မရှင်အဖွဲ့ခွဲများအား သင်တန်းများပို့ချနေမှု၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံမှုတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်၊ ဦးမြင့်နိုင်နှင့် ဦးသန်းဌေးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် လစ်လပ်မဲဆန္ဒနယ်(၁၃) နေရာတွင် ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်မည်ဖြစ်ကြောင်း တရားဝင် ကြေညာထားသည်။

NLD ပါတီဦးဆောင်သော အစိုးရလက်ထက်တွင် ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်က ကြားဖြတ်ရွေးကောက်ပွဲ တစ်ကြိမ်ပြုလုပ်ထားသည်။

Most Read

Most Recent