အိမ်အကူအမျိုးသမီးကို သေဆုံးသည်အထိ နှိပ်စက်ခဲ့သော ဥပဒေအရာရှိအား လာမည့်ရုံးချိန်း၌ စတင်တရားစွဲဆိုမည်

အိမ်အကူအမျိုးသမီးကို သေဆုံးသည်အထိ နှိပ်စက်ခဲ့သော ဥပဒေအရာရှိအား လာမည့်ရုံးချိန်း၌ စတင်တရားစွဲဆိုမည်
Published 2 June 2018

တွံတေးမြို့နယ်တွင် အိမ်အကူအမျိုးသမီးအား သေဆုံးသည်အထိ ညှဉ်းပန်းနှိပ်စက်ခဲ့သည်ဟုဆိုသည့် ဥပဒေအရာရှိ အမျိုးသမီးကို လာမည့်ရုံးချိန်း၌ လူသတ်မှုပုဒ်မဖြင့် တောင်ပိုင်းခရိုင်တရားရုံး၌ စတင်တရားစွဲ ဆိုမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဥပဒေအရာရှိအမျိုးသမီးအား ဇွန် ၁ ရက်တွင် တွံတေးမြို့နယ်တရားရုံး၌ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် ဒုတိယအကြိမ် ရုံးထုတ် ရမန်ယူခဲ့ကြောင်း သိရသည်။

“ဒီနေ့က ဒုတိယအကြိမ် ရုံးထုတ်ရမန်ယူတယ်။ လာမယ့် ဇွန် ၁၄ ရက်အထိ မြို့နယ် တရားသူကြီးက ရမန်ပေးထားတယ်။ကြားထဲမှာက ရဲက ရဲလုပ်ငန်းတွေ၊ ဆောင်ရွက်စရာတွေရှိတာ ဆောင်ရွက်ပြီး ခရိုင်တရားရုံးကို တင်ပို့မှာပါ”ဟု တွံတေးမြို့နယ်တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုသို့ ဒုတိယအကြိမ် ရမန်ယူပြီးနောက် ဥပဒေအရာရှိ ဒေါ်သိင်္ဂီစု (၃၂ နှစ်)အား အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။

“အမှုကို တပ်က လာစစ်တယ်ဆိုတာက ဟုတ်တယ်။ သူတို့ကတော့ သူတို့တပ်နဲ့ပတ်သက်နေတော့ တပ် ဂုဏ်သိက္ခာအတွက် လာရောက် စစ်ဆေးတာပါ။ စစ်ဆေးချက်ကိုတော့ ကျွန်တော်တို့ မသိရဘူး”ဟု တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

နှိပ်စက်ညှဉ်းပန်းခံရပြီး သေဆုံးခဲ့သည့် အိမ်အကူအမျိုးသမီးမှာ တွံ့တေးမြို့နယ် ခတ္ထိယတိုက်နယ် ခတ္ထိယကျေးရွာအုပ်စု အုတ်ဖိုကျေးရွာတွင် နေထိုင်သူဖြစ်ပြီး သားသမီး လေးဦး ကျန်ရှိခဲ့ရာ ၎င်းတို့၏ စားဝတ်နေရေးအား ရပ်ရွာနေသူများက ကူညီထားကြောင်း သိရသည်။

 

Most Read

Most Recent