ပြည်သူများအတွက် လမ်း၊တံတား တည်ဆောက်ခြင်းများကို စိတ်မဝင်စားဘဲ သိန်း ၄၀ တန် စားပွဲခုံ၊ သိန်း ၁၀၀၀ တန်ကား ဝယ်မည်ဆိုသည့် အတွေးများသာရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား

ပြည်သူများအတွက် လမ်း၊တံတား တည်ဆောက်ခြင်းများကို စိတ်မဝင်စားဘဲ သိန်း ၄၀ တန် စားပွဲခုံ၊ သိန်း ၁၀၀၀ တန်ကား ဝယ်မည်ဆိုသည့် အတွေးများသာရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 2 June 2018

ကျင်းပလျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ- ပြည့်ဇြိုးအောင်)

ပြည်သူများအတွက် လမ်း၊ တံတားတည်ဆောက်ခြင်းများ စိတ်မဝင်စားဘဲ မိမိဌာနအတွက် သိန်း ၄၀ တန်စားပွဲခုံ၊ သိန်း ၁၀၀၀ တန် ကားဝယ်မည်ဆိုသည့် အတွေးများသာ ရှိနေကြောင်း ကျောက်တံတားမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ်က ဒေါ်ကြည်ပြာက ပြောကြားသည်။

ဇွန် ၁ ရက်ကပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၃၈ ရက်မြောက်နေ့) တွင်၂၀၁၈-၂၀၁၉ ရန်ကုန်တိုင်းဒေသကြီး၏ အရအသုံးခန့်မှန်းခြေငွေစာရင်း (လျာထားချက်) ဆွေးနွေးမှုနှင့်ပတ်သက်၍ မီဒီယာ များ၏မေးမြန်းမှုအား ဖြေကြားရာတွင် ဒေါ်ကြည်ပြာက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့နိုင်ငံက လက်ရှိမှာ ဆင်းရဲတယ်။ မိသားစုတစ်စုလိုပဲ စဉ်းစားမယ်ဆိုရင်တောင် မရှိသေးတဲ့အချိန်မှာ အားလုံးခြိုးခြိုးခြံခြံသုံးတဲ့ ပုံစံမျိုးဖြစ်စေချင်တယ်။ သူတို့ဘာသာ သူ ရှိတာ မရှိတာ စိတ်မဝင်စားဘူး။ ပြည်သူအတွက် လမ်းတွေ၊ တံတားတွေခင်းတာ စိတ်မဝင်စားဘူး။ ငါတို့ဌာနအတွက် ရသင့်တာ ဆုံလည်စားပွဲကြီး သုံးလိုက်မှာပဲ။ သိန်း ၄၀ တန်စားပွဲကြီး ဝယ်လိုက်မှာပဲ။ Ford ကားကို သိန်း ၁၀၀၀ နဲ့ ဝယ်သုံးလိုက်မှာဆိုတဲ့ အတွေးမျိုးတွေကို မိသားစုစိတ်ဓာတ်လေးနဲ့ဖြစ်ဖြစ် နည်းနည်းစဉ်းစားပြီးတော့ မျှမျှတတ လေး သုံးစေချင်တယ်”ဟု ဒေါ်ကြည်ပြာက ပြောကြားသည်။

ဌာနဆိုင်ရာများက တိုင်းပြည်၏လည်ပတ်မှုကဏ္ဍတွင် လိုအပ်နေသည့်ယန္တရားဖြစ်သဖြင့် သုံးသင့်သည့်ကို သုံးစေချင်ကြောင်း၊ သို့သော် ဆွေးနွေးချက်များအတိုင်း မသုံးသင့်သည့်များကို တွေ့နေရပြီး နှစ်စဉ်ပြောသော်လည်း ပုံမှန်တင်ပြနေရကြောင်း၊ ဝန်ထမ်းများ အနေဖြင့်လည်း အစိုးရသစ်၏ ပေါ်လစီကို လိုက်၍ ဒုတိယနှစ်တွင်လည်း ပြောင်းလဲလာခြင်းမျိုး မရှိသဖြင့် ထပ်ဆွေးနွေးနေရကြောင်း ဒေါ်ကြည်ပြာက ပြောကြားသည်။

ထို့ပြင် ဇွန် ၁ ရက်ကပြုလုပ်သည့် လွှတ်တော် အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဧည့်ခံကျွေးမွေးစရိတ်၊ လွှတ်တော်၏ ဧည့်ခံကျွေးမွေးစရိတ်အပြင် ဌာနဆိုင်ရာများ၏ ဧည့်ခံကျွေးမွေးစရိတ်များနှင့် ပတ်သက်၍ ကိုယ်စားလှယ်များက ဝေဖန်ခဲ့ကြသည်။

လှိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁)လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက “နှစ်စဉ်မှာလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဧည့်ခံကျွေးမွေးစရိတ်က သန်း ၄၀၊ လွှတ်တော်ရဲ့ ဧည့်ခံကျွေးမွေးစရိတ် က သန်း ၃၀ နဲ့ ထွေအုပ်၊ စည်ပင် အခြားဌာန တွေပေါင်းရင် သန်း ၁၀၀ လောက် ဧည့်ခံနေတာ တွေ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ထွေအုပ်ရုံးတွေမှာ အစည်းအဝေးတက်တဲ့အခါ တစ်ခါတလေမှာ ရေသန့်တောင် တိုက်တာ မရှိပါဘူး။ လွှတ်တော်မှာလည်း ၁၀၀ တန်ရေဘူးနဲ့ ကော်ဖီမစ်တွေပဲ ဧည့်ခံတာတွေ့ ရတာပါ။ အစိုးရအဖွဲ့ အစည်းအဝေးတွေ မှာလည်း ဒီလိုပါပဲ။ ကျွန်တော်တို့ရဲ့ပါတီမှာ အစကတည်းက ညွှန်ကြားထားပါတယ်။ ကျွန်တော်တို့ သွားတဲ့နေရာတွေမှာ ရေပဲတိုက်ပါလို့ပြောတာ ရေတိုက်ရင်တောင် ကျေနပ်ပါတယ်။ ဒါကြောင့်မို့ ဧည့်ခံကျွေးမွေးစရိတ်တွေ ကို ပြန်လည်စိစစ်စေချင်ပါတယ်။ ဒါတွေဟာ လိုအပ်သလား။ မလိုအပ်ဘူးလား။ လူကြီးတွေလာလာ၊ လွှတ်တော်ကိုယ်စားလှယ်တွေ သွားသွား ရေလောက်ပဲသောက်ပြီး ပြန်တာပါ။ ချတဲ့ပစ္စည်းတွေက အလကားပိုလျှံနေတာ တွေ့ရပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် မြို့တော်ဂေါက်ကွင်းအတွက် ၁၀၇ ဒသမ ၆၅ သန်း၊ စက်ရုံမော်တော်ယာဉ်များအတွက် ကားများဝယ်မည့် ၁၁၇ ဒသမ ၈၂၉ သန်း၊ ရုံးသုံးပရိဘောဂများ ဝယ်ယူရန် ၈၈ ဒသမ ၃၁၇ သန်း၊ ရုံးသုံးယာဉ်ဝယ်ယူရန် ၂၆၄၄ သန်းများကို စိစစ်ဖြတ်တောက်စေလိုကြောင်း ၎င်းက ဆွေးနွေးပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးတင်ပြချက်များနှင့်ပတ်သက်၍ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းများက ဇွန်လ ၄ ရက်တွင်ပြုလုပ်မည့် လွှတ်တော် အစည်းအဝေး၌ ပြန်လည်ရှင်းလင်းမည်ဖြစ်ပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူမည်ဖြစ်သည်။

Most Read

Most Recent