ပုဒ်မသုံးခုဖြင့် တရားစွဲဆို ခံထားရသော ဒေါက်တာအေးမောင်၏အမှုကို ပယ်ဖျက်ပေးရန် တင်ပြလျှောက်ထားမှု ပြည်နယ်တရားလွှတ်တော်က ပယ်ချ

ပုဒ်မသုံးခုဖြင့် တရားစွဲဆို ခံထားရသော ဒေါက်တာအေးမောင်၏အမှုကို ပယ်ဖျက်ပေးရန် တင်ပြလျှောက်ထားမှု ပြည်နယ်တရားလွှတ်တော်က ပယ်ချ
Published 1 June 2018

ပုဒ်သုံးခုဖြင့် တရားစွဲဆိုထားသော ဒေါက်တာအေးမောင်အား ယခင်ရုံးချိန်းတွင် တွေ့ရစဉ်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့ စာပေဟောပြောပွဲ၌ ဟောပြောမှုကြောင့် ပုဒ်မ သုံးခုဖြင့် တရားစွဲဆို ခံထားရသော ဒေါက်တာ အေးမောင်၏ အမှုကို ပယ်ဖျက်ပေးရန် ဒေါက်တာအေးမောင်၏ ရှေ့နေများက ပြည်နယ်လွှတ်တော်သို့ ရာဇဝတ် အထွေထွေအမှုလျှောက်ထားခြင်းကို ပြည်နယ်တရားလွှတ်တော်က မေ ၃၁ ရက်တွင် ပယ်ချခဲ့ကြောင်း သိရသည်။

အဆိုပါ စာပေဟောပြောပွဲတွင် ဟောပြောမှုကြောင့် စာရေးဆရာ ဝေဟင်အောင်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်တို့အား စစ်တွေခရိုင် တရားရုံးတွင် ပုဒ်မ ၁၂၂ ဖြင့် စွဲဆိုထားပြီး စစ်တွေမြို့နယ် တရားရုံးတွင် ပုဒ်မ ၁၇ (၁)နှင့် ၅၀၅ (ခ) (ဂ) တို့ဖြင့် စွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနှင့် ပတ်သက်ပြီး ဒေါက်တာအေးမောင်၏ ရှေ့နေများက မတ် ၁၈ ရက်တွင် ပုဒ်မ သုံးခုစလုံးအတွက် ပယ်ဖျက်ပေးရန် လျှောက်ထားခြင်းဖြစ်ပြီး မေ ၃ ရက်က ပြည်နယ်လွှတ်တော်တွင် အပြီးသတ် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး မေ ၃၁ ရက်တွင် ပြည်နယ်လွှတ်တော်က လျှောက်ထားချက်အား ယခုလို ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်။

“ပြည်နယ် တရားလွှတ်တော်ကလည်း အကောင်းဆုံး ဆုံးဖြတ်ပေးလိမ့်မယ်လို့ ထင်တယ်။ ကျွန်တော်တို့လည်း လွှတ်တော်ကို ရောက်မယ်လို့ မျှော်လင့်တယ်။ စွပ်စွဲထားတာ တစ်ခုမှ အကျုံးမဝင်ဘူး။ ရခိုင်နဲ့ ပတ်သက်လို့ တည်ငြိမ်အေးချမ်းမှု ကျွန်တော်တို့ မျှော်မှန်းတယ်။ မြောက်ဦးကိစ္စကိုလည်း အဆင်ပြေစေချင်တယ်။ ကလေးတွေ ဒဏ်ရာတွေ အများကြီးနဲ့ ဖြစ်နေတယ်။ သမ္မတကြီးဘက်က စွဲဆိုထားတာတွေကို ပြန်ရုပ်သိမ်းစေချင်တယ်”ဟု မေ ၃၀ ရက် ရုံးချိန်း ရုံးထုတ်အပြီးတွင် ပြောကြားသည်။

ယင်းနှင့်ပတ်သက်ပြီး ဒေါက်တာအေးမောင်အမှုအား လိုက်ပါ ဆောင်ရွက်ပေးနေသော ဦးစံရွှေမောင်က အမှုတွဲချေဖျက်ရန် ပြည်နယ် တရားလွှတ်တော်သို့ လျှောက်ထားချက်ကို ပယ်ဖျက်သည့် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း၊ ထိုသို့ပယ်ဖျက်ခြင်းကို မကျေနပ်ပါက အထက်သို့ တက်ရန်သာရှိကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ကတော့ ဒေါက်တာအေးမောင်ကို စွဲထားတဲ့ အမှုသုံးမှုကို ပယ်ဖျက်ပေးဖို့ တရားလွှတ်တော်ကို တင်ထားတယ်ပေါ့လေ။၊ ဒီနေ့တော့ တရားလွှတ်တော်က သုံးမှုစလုံးကို ပယ်ဖျက်လိုက်တယ်။ ပယ်တယ်လို့သာ ပြောတယ်။ ဘာကြောင့် ပယ်တယ်ဆိုတာ စီရင်ချက်ကို သိချင်ရင် စီရင်ချက်ကူးပြီး တော့ အသေးစိတ် ဖတ်ရမှာပေါ့။ ဒါကြောင့် ကျွန်တော်တို့က တရားလွှတ်တော်ချုပ်ကို တင်သင့် မတင်သင့်၊ ဆက်ပြီးတော့ တက်မတက်ကတော့ အမှုသည်မိသားစုနဲ့ ပြန်တိုင်ပင်ရမယ်။ တရားသူကြီးက သူ့အလုပ် သူလုပ်တာပဲ။ ကျွန်တော်တို့ကလည်း ကိုယ့်အလုပ် ကိုယ်ဆက်လုပ်သွားမှာပါ” ဟု ပြောကြားသည်။

ထို့သို့ ပယ်ချလိုက်သည့် ကိစ္စနှင့်ပတ်သက်၍ ဒေါက်တာအေးမောင်၏ မိတ်ဆွေတစ်ဦးဖြစ်သူ ဦးအောင်သန်းေ၀ က“ တရားစီရင်ရေးစနစ်ဟာ လွတ်လပ်မျှတမှု မရှိဘူးလို့ ကျွန်တော်ကတော့ သုံးသပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒေါက်တာအေးမောင်အပေါ် စွပ်စွဲထားတဲ့ အမှု သုံးခုစလုံးသည် ၁၉၇၃ ခုနှစ် စကားရပ်များ အက်ဥပဒေပုဒ်မ ၂၂ နဲ့လည်း ကွဲလွဲနေတယ်။ အဲဒီပုဒ်မမှာ အကြောင်းအရာတစ်ခု၊ မှားယွင်းမှုတစ်ခု၊ လွဲမှားမှု တစ်ခုအပေါ်မှာ ဥပဒေနှစ်ရပ် ကျူးလွန်ခဲ့ရင်တောင် ဥပဒေတစ်ရပ်ရပ်နဲ့သာ တရားစွဲဆိုရမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အခု ဥပဒေသုံးရပ်နဲ့ စွဲထားတယ်။ အဲဒါကြောင့် ရှေ့နေတွေကလည်း ဒီအမှုအပေါ်မှာ ပယ်ဖျက်ဖို့ လျှောက်ထားခဲ့တယ်။ ဒါပေမဲ့ ဒီနေ့တော့ ပြည်နယ်တရားလွှတ်တော်က ပလပ်လိုက်ခြင်းဟာ တရားဥပဒေမဏ္ဍိုင်ရဲ့ တည့်မတ်မှုမရှိဘူးလို့ ကျွန်တော်က သုံးသပ်ပါတယ်”ဟု ပြောကြားသည်။

ယင်းသို့ လျှောက်လဲချက်ပေးခဲ့ခြင်းနှင့် ပတ်သက်၍ ဒေါက်တာအေးမောင်၏ ရှေ့နေ ဦးအောင်ကျော်စိန်က “ဒေါက်တာ အေးမောင်နဲ့ ဝေဟင်အောင်အပေါ်မှာ စွဲဆိုထားတဲ့ နိုင်ငံတော် ပုန်ကန်သစ္စာဖောက်ဖျက်မှု၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၂ နဲ့ ပတ်သက်လို့ ဒေါက်တာအေးမောင် ကိုယ်စား ကျွန်တော် လျှောက်လဲချက် ပေးခဲ့တယ်။ အချက် ငါးချက်ကို အခြေခံပြီး ကျွန်တော့်ဘက်က လျှောက်လဲတာ ဖြစ်ပါတယ်။ ဥပဒေအရ ကိုက်ညီမှုမရှိဘူး ဆိုတဲ့ဘက်က လျှောက်လဲခဲ့ပါတယ်” ဟု ပြောကြားသည်။

“ဆင်ခြင်တုံတရားကို ထိန်းညှိပေးတဲ့ တရားရေးမဏ္ဍိုင် ဖြစ်ဖို့လည်း လိုတယ်။ ဆန္ဒလွတ်လပ်သော ဘက်လိုက်မှုကင်းသော တရားစီရင်ရေးမဏ္ဍိုင်ဖြစ်ဖို့ ကြိုးစားနေကြတာတွေ့လို့ အင်မတန် ဝမ်းသာတယ်။ အဲဒီလိုဖြစ်မှ နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိဖို့ ဘာအသံမှ မကြားရတဲ့နိုင်ငံဖြစ်ဖို့ အုပ်ချုပ်နိုင်လေ ပိုကောင်းလေ။ အခုလို အချိန်မျိုးမှာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးက အင်မတန်လိုအပ်တယ်။ လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းဖို့ လိုတယ်”ဟု ပုဒ်မသုံးခုဖြင့် တရားစွဲဆို ခံထားရသော ဒေါက်တာအေးမောင်က မေ ၂ ရက် (၁၀) ကြိမ်မြောက် ရုံးချိန်းတွင် တရားရုံးမှ ပြန်ထွက်လာစဉ် ပြောကြားသည်။

Most Read

Most Recent