နေပြည်တော်ရှိ သံတမန်ဇုန်တွင် သံရုံး ၁၅ ရုံးက မြေကွက် ၂၉ ကွက် အဆိုပြုထားပြီး အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံအများစုမှ ပထမဆင့်အနေဖြင့် ညှိနှိုင်းဆက်ဆံရေးရုံး ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေ

နေပြည်တော်ရှိ သံတမန်ဇုန်တွင် သံရုံး ၁၅ ရုံးက မြေကွက် ၂၉ ကွက် အဆိုပြုထားပြီး အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံအများစုမှ ပထမဆင့်အနေဖြင့် ညှိနှိုင်းဆက်ဆံရေးရုံး ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေ
Published 1 June 2018

ပြန်ကြားရေးဝန်ကြီးဌာနတွင် မေ ၃၁ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲကို တွေ့ရစဉ်

နေပြည်တော်ရှိ သံတမန်ဇုန်တွင် သံရုံး ၁၅ ရုံးက မြေကွက် ၂၉ ကွက် အတည်ပြုထားပြီး အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံအများစုမှ ပထမအဆင့်အနေဖြင့် ညှိနှိုင်းဆက်ဆံရေးရုံး ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးမြင့်သူက ပြောကြားသည်။

ပြန်ကြားရေးဝန်ကြီးဌာနတွင် မေ ၃၁ ရက်က ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ဒုတိယတစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုကို အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“သံတမန်ဇုန်မှာ ကျွန်တော်တို့မြေကွက်တွေ နေရာချထားပြီး ဖြစ်ပါတယ်။ အခုလက်ရှိ သံရုံး ၁၅ ရုံးက မြေကွက် ၂၉ ကွက် အဆိုပြုထားပြီး ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ကျန်တဲ့နိုင်ငံတော်တော်များများက ပထမဆင့်အနေနဲ့ ဒီမှာ Liaison Office ဖွင့်ပြီးရင် သံရုံးပြောင်းရွှေ့ဖို့ လုပ်နေပါတယ်။ တတ်နိုင်သရွေ့ စောစောပြောင်းဖို့ ကျွန်တော်တို့တိုက်တွန်း ဆောင်ရွက်နေပါတယ်” ဟု ဦးမြင့်သူက ဆက်လက်ပြောကြားသည်။

ထို့ပြင် ရန်ကုန်မြို့တွင် ပေါ်တူဂီသံရုံး ဖွင့်လှစ်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် စတင်ဆွေးနွေးနေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စီးပွားရေး၊ လူမှုရေးနှင့် ကဏ္ဍပေါင်းစုံတွင် အကျိုးပြုနိုင်မည့်နိုင်ငံဖြစ်ပါက သံတမန် ဆက်ဆံရေးသံရုံးများ ဖွင့်လှစ်မည်ဖြစ်ကြောင်း ဦးမြင့်သူက ဆိုသည်။

“မနေ့တစ်နေ့ကဆိုရင် ပေါ်တူဂီသံအမတ်ကြီးကို လက်ခံတွေ့ဆုံပါတယ်။ မကြာခင်မှာ ပေါ်တူဂီသံရုံး ရန်ကုန်မှာဖွင့်ဖို့အတွက် ကျွန်တော်တို့ စတင်ဆွေးနွေးနေပါပြီ။ အလားတူပဲ ကျွန်တော်တို့အနေနဲ့လည်း ဥရောပမှာ သံရုံးဖွင့်ထားတာတွေ ရှိပါတယ်။ နှစ်နိုင်ငံ စီးပွားရေး နိုင်ငံရေးတစ်ခုတည်း ကြည့်လို့မရပါဘူး။ စီးပွားရေး၊ လူမှုရေး၊ ကဏ္ဍပေါင်းစုံမှာ ကျွန်တော်တို့ အကျိုးပြုနိုင်မယ့်နိုင်ငံဆိုရင် ကျွန်တော်တို့ သံတမန်ဆက်ဆံရေး သံရုံးတွေ ဖွင့်လှစ်သွားမှာပါ” ဟု ဦးမြင့်သူက ဆက်လက် ပြောကြားသည်။

ထို့ပြင် အိန္ဒိယနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့မှ International Hospital တစ်ခုစီဖွင့်လှစ်ရန် ကမ်းလှမ်းထားပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံက International School ဖွင့်လှစ်ရန် ကမ်းလှမ်းထားကြောင်း ဦးမြင့်သူက ဆိုသည်။

နေပြည်တော်သည် မြန်မာနိုင်ငံ၏ အစိုးရရုံးစိုက်သည့်မြို့တော်ဖြစ်သည်နှင့်အညီ နိုင်ငံခြားသံရုံးများကို ရန်ကုန်မြို့မှ နေပြည်တော်သို့ ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရန်အတွက် မူဝါဒများ ချမှတ်ထားပြီးဖြစ်ကြောင်း၊ ယခုအခါ နိုင်ငံခြားသံရုံးများအနေဖြင့် လုပ်ငန်းဆောင်ရွက်မှု၊ နေထိုင်မှု စသည်တို့ ပိုမိုအဆင်ပြေစေရန်အတွက်လည်းကောင်း၊ သံရုံးများ၏ အဆိုပြုတင်ပြချက်များမှ လက်တွေ့တွင် ဖြစ်နိုင်မည့် အချက်များနှင့်အညီ ဆောင်ရွက်ပေးရန်အတွက်လည်းကောင်း၊ မူဝါဒများကို ပြန်လည် သုံးသပ်မှု ပြုလုပ်ရန် လိုအပ်ကြောင်းနှင့် ဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုကိစ္စရပ်များကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်မည့် နည်းလမ်းသစ်များ ရှာဖွေဆောင်ရွက်ရန် လိုအပ်ကြောင်း ဖေဖော်ဝါရီလအတွင်းက ကျင်းပသည့် နေပြည်တော် သံတမန်ဇုန် မြေယာမူဝါဒဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နေပြည်တော်သံတမန်ဇုန်သည် ဒက္ခိဏသီရိမြို့နယ်တွင် တည်ရှိပြီး သစ်တောကြိုးဝိုင်းအဖြစ်မှ ပယ်ဖျက်ထားသည့် မြေဧက ၁၅၅၀ အကျယ်ရှိ မြေပေါ်တွင် သတ်မှတ်ဖော်ဆောင်ထားပြီး အခြေခံ အဆောက်အအုံများဖြစ်သည့် လမ်း၊ ရေမြောင်း၊ ရေ၊ မီးများရရှိရန် တည်ဆောက်ထားပြီးဖြစ်ကြောင်း သိရသည်။

Most Read

Most Recent