ငွေတစ်ဆပေးသွင်းလျှင် နှစ်ဆချေးငွေရရှိမည်ဟု ပြောဆိုပြီး ကျပ်သိန်း ၁၀၀၀ ကျော် လိမ်လည်ခဲ့သည်ဟုဆိုသော အကြားအမြင် ဆရာမတစ်ဦးအား အမှုဖွင့်

ငွေတစ်ဆပေးသွင်းလျှင် နှစ်ဆချေးငွေရရှိမည်ဟု ပြောဆိုပြီး ကျပ်သိန်း ၁၀၀၀ ကျော် လိမ်လည်ခဲ့သည်ဟုဆိုသော အကြားအမြင် ဆရာမတစ်ဦးအား အမှုဖွင့်
Published 1 June 2018

ငွေတစ်ဆပေးသွင်းလျှင် ငွေနှစ်ဆချေးငွေရရှိမည်ဟု ပြောဆိုပြီး ကျပ်သိန်း ၁၀၀၀ ကျော် လိမ်လည်သွားသည်ဟုဆိုသည့် အကြားအမြင် ဆရာမတစ်ဦးအား တရားလိုဖြစ်သူ ဒေါ်သန္တာဦးက မင်္ဂလာဒုံမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း မေ ၃၁ ရက်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ရှင်စောပုရပ်ကွက်တွင် နေထိုင်သည့် ဒေါ်သန္တာဦး (၃၈ နှစ်) ဆိုသူမှာ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က ၎င်း၏ခင်ပွန်းဖြစ်သူနှင့်အတူ မင်္ဂလာဒုံမြို့နယ် ချစ်တီးရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် အကြားအမြင် ပါရမီရှင်ယောဂီ ဒေါ်နန္ဒမာလာဆိုသူ၏ ဗေဒင်ဟောခန်းသို့ ဗေဒင်ကြည့်ရန် သွားရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်ပြီး မေးမြန်းနေစဉ် ဒေါ်နန္ဒမာလာဆိုသူက ဒေါ်သန္တာလှိုင်တို့အား အပေါင်လုပ်ငန်းလုပ်ကိုင်လိုလျှင် ငွေစုငွေချေးလုပ်ငန်း၌ အပေါင်ပစ္စည်းပေးစရာမလိုဘဲ ငွေချေးနိုင်ကြောင်း၊ အဆိုပါ ချေးငွေလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီတစ်ခုနှင့် ချိတ်ဆက်ပြီး အသင်းသို့ ငွေတစ်ဆပေးသွင်းပြီးပါက နှစ်ဆချေးငွေရရှိမည်ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းနောက် အဆိုပါငွေများကို ငွေစုငွေချေးအသင်းသို့ ချေးငွေပေးသွင်းသည့်နေ့မှစ၍ ၄၅ ရက်အကြာတွင် ချေးငွေနှင့် အရင်းကိုပေါင်းကာ ပြန်လည်ထုတ်ယူရမည်ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

ထို့ပြင်ချေးငွေထုတ်ယူလိုပါက ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၄ ရက်အပြီး ငွေများကိုပေးသွင်းရမည်ဖြစ်ကြောင်း၊ ကျပ်သိန်း ၅၀၀ အပို အနေဖြင့် ရရှိအောင်လည်း ပြောဆိုဆောင်ရွက်ပေးမည်ဟု ဒေါ်နန္ဒမာလာက ပြောဆိုခဲ့ကြောင်း၊ ထို့ပြင် ၎င်းသည် ငွေစုငွေချေးလုပ်ငန်းအချို့တွင် ပြောရေးဆိုခွင့်ရှိသူဖြစ်ကြောင်းနှင့် ချေးငွေကို ၄၅ ရက်အတွင်း ပေးချေရမည်ဟု ပြောဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ချေးငွေအတွက် အတိုးနှုန်းမှာ တစ်ရာခိုင်နှုန်းဖြစ်ပြီး အတိုးတစ်ရာခိုင်နှုန်းကို ချေးငွေချေးယူသည့်နေ့မှစ၍ သုံးလတစ်ကြိမ် ပေးသွင်းရမည်ဖြစ်ပြီး သုံးနှစ်ပြည့်လျှင် ချေးယူထားသည့်ချေးငွေကို ပြန်ဆပ်ရမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

ယင်းသို့ အကြိမ်ကြိမ် ပြောဆိုခဲ့သဖြင့် ဒေါ်သန္တာဦးက ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၇ ရက်၊ ဒီဇင်ဘာ ၁ ရက်နှင့် ၂ ရက်တို့တွင် ၎င်း၏ Mobile Banking နှင့် ဒေါ်နန္ဒမာလာဆိုသူ၏ နေအိမ်ဟောခန်းတို့တွင် စုစုပေါင်း ကျပ်သိန်း ၁၀၀၀ အား ဒေါ်နန္ဒမာလာ အမည်ဖြင့် အကြိမ်ကြိမ် လွှဲပြောင်းပေးအပ်ခဲ့ပြီး ဒေါ်သန္တာဦးက ဒေါ်နန္ဒမာလာအား လက်ခံထားသည့်စာချုပ်တွင် ၎င်းကိုယ်တိုင် လက်မှတ်ရေးထိုးပေးခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့နောက် ဒီဇင်ဘာ ၁၈ ရက်တွင် ဒေါ်နန္ဒမာလာက ချေးငွေအမြန်ချပေးနိုင်ရေးအတွက် ကျပ်သိန်း ၅၀ ကန်တော့ရမည်ဟု ပြောဆိုသဖြင့် ဒီဇင်ဘာ ၂၀ ရက်တွင် ဒေါ်သန္တာဦးက ကျပ်သိန်း ၅၀ အား ဘဏ်မှတစ်ဆင့် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့လွှဲပြောင်းပေးခဲ့ပြီး ၄၅ ရက်ကြာသည်အထိ စောင့်ဆိုင်းခဲ့သော်လည်း ကျပ်သိန်း ၂၅၀၀ အား မရရှိခဲ့သဖြင့် ဒေါ်နန္ဒမာလာထံ အကြိမ်ကြိမ် သွားရောက်ခဲ့သော်လည်း ငွေပြန်ပေးခြင်း မရှိသည့်အတွက် ဒေါ်သန္တာဦးက ၂၀၁၈ ခုနှစ် မေ ၂၉ ရက်တွင် မင်္ဂလာဒုံမြို့မ ရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့ကြောင်း သိရသည်။

အဆိုပါ တိုင်တန်းမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက “တရားလိုက အမှုလာဖွင့်ထားတာတော့ ရှိပါတယ်။ လောလောဆယ်မှာတော့ စခန်းဘက်က တရားလိုတိုင်တန်းမှုတွေအရ တိုင်တန်းခံရတဲ့ အကြားအမြင်ဆရာမကို ခေါ်ယူမေးမြန်းဖို့ ဆောင်ရွက်နေတယ်လို့ သိရတယ်” ဟု ပြောကြားသည်။

ယင်းသို့တိုင်တန်းချက်အရ အဆိုပါဖြစ်စဉ်ကို မင်္ဂလာဒုံမြို့မရဲစခန်းက (ပ)၄၈၃/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်ထားပြီး ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent