<

မန္တလေး ပဲဈေးကွက်တွင် အိန္ဒိယဘက်သို့ ပဲစင်းငုံ တင်ပို့ရမည်ဖြစ်သောကြောင့် ပဲစင်းငုံ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၃၀၀၀ အထိ မြင့်တက်လာ

မန္တလေးပဲဈေးကွက်တွင် အိန္ဒိယသို့ ဇွန် ၁ ရက်မှ သြဂုတ်လကုန်အထိ ပဲစင်းငုံ တင်ပို့ရမည်ဖြစ်သောကြောင့် ပဲစင်းငုံသုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၃၀၀၀ အထိ တက်လာကြောင်း မန္တလေးပဲကုန်သည်များထံက သိရသည်။

“ပဲစင်းငုံ အဟောင်းက ၄၃၀၀၀ ကနေ ဒီဘက်ပိုင်း ၄၅၀၀၀၊ ၄၆၀၀၀ တက်လာတာ ရှိပါတယ်။ ပဲစင်းငုံအသစ်အနေနဲ့ ၄၀၀၀၀ ကနေ ၄၂၀၀၀ အထိ တက်လာတာ ရှိပါတယ်။ ပြီးခဲ့တဲ့အပတ်နဲ့ သည်အပတ်မှာဆို ဥပုသ်ထွက်မှာ ပဲစင်းငုံ တစ်အိတ်ကို ကျပ်၂၀၀၀ လောက် ပဲစင်းငုံဈေးတက်လာတာ ရှိပါတယ်။ အ၀ယ်အနေနဲ့ နည်းနည်းသန်လာတာ ရှိပါတယ်။ ပြည်တွင်းသုံးအနေနဲ့ နည်းနည်းရောင်းရတာ သဘောရှိပါတယ်။ အခြမ်းအနေနဲ့ ရန်ကုန်သမား စက်သမားအနေနဲ့ ပဲစင်းငုံ အလုံးသေး အလုံးကြီးပါ ပဲစင်းငုံ အလုံးအတွက် တင်ဒါ အိန္ဒိယအတွက် အော်ဒါတင်ထားတာတွေ ၀ယ်ကြတဲ့အတွက် နည်းနည်းဖြည့်ကြတဲ့အတွက် ဈေးမြင့်လာသည့် အပိုင်းလေး တွေ့ရပါတယ်။ DOA ခေါ်မှာ ပေါ့။စာရွက်ရောင်းတာနဲ့ အပြင်လက်တွေ့ ဈေးနဲ့ဆိုရင်တော့ စာရွက်ရောင်းတဲ့ အလေးချိန် အရေအတွက် ပိုနေသေးတာတော့ ပိုနေပါတယ်။ တကယ်တမ်း DOA တွေက ဖောင်းပွနေတယ်လို့ ပြောလို့ရပါတယ်” ဟု မန္တလေးပဲနှမ်းအသင်း ဥက္ကဋ္ဌ ဦးညွန့်ဝေက ပြောကြားသည်။

အိန္ဒိယနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရေးဝန်ကြီးဌာန နိုင်ငံခြားရောင်းဝယ်ရေးဌာန၏ ၂၀၁၈-၂၀၁၉ မေ ၁၁ ရက်နေ့စွဲဖြင့် စာထွက်လာပြီး ပဲစင်းငုံ၊ ပဲတီစိမ်း၊ မတ်ပဲတို့ကို အရိုင်းအပြင် ခွဲခြမ်းပြီးပစ္စည်းများကို ၀ယ်ယူ တင်သွင်းပါမည်ဟု ပါရှိသည်။

‌အိန္ဒိယအစိုးရက ပဲတင်သွင်းရန် မြန်မာပြည်မှ ပါမစ်လျှောက်လွှာခေါ်ယူထားရာ မတ်ပဲ ပဲတီစိမ်းအပြင် ပဲစင်းငုံ (တန်ချိန် နှစ်သိန်း) ပါ မေ ၂၅ ရက် နောက်ဆုံးထားပြီး လျှောက်ထားရမည်ဖြစ်ကြောင်း၊ အဆိုပါ ပဲများကို သြဂုတ်လနောက်ဆုံးထား၍ တင်ပို့ရမည်ဖြစ်ကြောင်း သိရသည်။

“ဒီနေ့ ပဲဈေးကွက်ထူးခြားအနေနဲ့ ပြောရရင် ပဲစင်းငုံက ဒီနေ့ တက်သွားပါတယ်။ ဘာကြောင့်တက်သွားလဲဆိုတော့ နိုင်ငံခြား export သမားတွေ လိုချင်တယ်၊ နောက် FOB ဈေးကလည်း တက်သွားပါတယ်။ ဒါကြောင့်မို့ တက်သွားတယ်။ မနေ့ညပိုင်းကဆို အရောင်းအ၀ယ် ပျောက်သွားတယ်။ ဒီနေ့မနက်ဆို ပဲစင်းငုံ အဟောင်းဝယ်ချင်ကြတာဆို သုံးတင်းဝင်တစ်အိတ်ကို ၄၆၀၀၀၊ ၄၇၀၀၀ ၀ယ်ကြတယ်။ ဒါပေမဲ့ တက်ပြီးဆိုတော့ လူတွေရဲ့ သဘောသဘာဝအတိုင်း ရောင်းမယ့်ဟာကို ထိန်းထိန်းသိမ်းသိမ်း ရောင်းကြတယ်။ လိုချင်တဲ့ဘက်က များပါတယ်” ဟု ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း မန္တလေး ကုန်စည်ဒိုင် အထွေထွေအတွင်းရေးမှူး ဦးကျော်သွင်က ပြောကြားသည်။

May 31, 2018














Copy Protected by Chetan's WP-Copyprotect.