တာမွေတွင် စစ်ပွဲရပ်ဆန္ဒပြသူများကို ဖြိုခွဲရာတွင် ပါဝင်သည့် အရပ်ဝတ်များနှင့် တာဝန်ရှိသူများကို အရေးယူပေးရန် အစိုးရလွှတ်တော်စသည့် ဌာနအသီးသီးသို့ စာပေးပို့ထား

တာမွေတွင် စစ်ပွဲရပ်ဆန္ဒပြသူများကို ဖြိုခွဲရာတွင် ပါဝင်သည့် အရပ်ဝတ်များနှင့် တာဝန်ရှိသူများကို အရေးယူပေးရန် အစိုးရလွှတ်တော်စသည့် ဌာနအသီးသီးသို့ စာပေးပို့ထား
Published 31 May 2018

တာမွေ Ocean ရှေ့စစ်ပွဲရပ်ဆန္ဒပြသူများကို ဖြိုခွဲရာတွင် ပါဝင်ခဲ့သည့် အရပ်ဝတ်များကို ဖမ်းဆီးခြင်းမရှိသေးသည့်အပေါ် အကြမ်းဖက်ခံခဲ့ရသူများက မေ ၃၀ ရက်တွင် ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းတွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး မေးခွန်းထုတ်ခဲ့သည်။

အဆိုပါ အရပ်ဝတ်များနှင့် ဖြစ်စဉ်မှ တာဝန်ရှိသည့်အာဏာပိုင်များကို အရေးယူပေးရန် အစိုးရလွှတ်တော်၊ လူ့အခွင့်အရေးကော်မရှင် အပါအဝင် သက်ဆိုင်ရာဌာန ၁၄ ခုသို့ မေ ၃၀ ရက်က စာပေးပို့ထားကြောင်း သိရသည်။

“လူ့အခွင့်အရေးကော်မရှင်ရယ် နိုင်ငံတော်သမ္မတပါမယ်။ နိုင်ငံတော်အတိုင်ပင်ခံရုံးရယ်၊ ပြည်ထဲရေးရယ် လွှတ်တော်ရယ်၊ ပြည်သူတို့၏ တိုင်ကြားစာကော်မတီနဲ့ တရားစီရင်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကော်မတီရယ်၊ နိုင်ငံသားနဲ့ မူလအခွင့်အရေးများ ကော်မတီ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းနဲ့ သက်ဆိုင်တာတွေလည်း တိုင်ပါတယ်” ဟု သတင်းစာ ရှင်းလင်းပွဲမှ မခင်စန္ဒာက ပြောကြားသည်။

မေ ၁၂ ရက် ညနေ ၄ နာရီခန့်တွင် ဆန္ဒထုတ်ဖော်သူများကို ရဲတပ်ဖွဲ့က ဖမ်းဆီးရာတွင် လူတစ်စုမှ ဝိုင်းဝန်းထိုးကြိတ်ကန်ကျောက်၍ ရဲတပ်ဖွဲ့ဝင်များရှေ့မှောက်တွင် အကြမ်းဖက်ခြင်း၊ လူ့အခွင့်အရေးများ ချိုးဖောက်ခြင်းတို့ ပြောင်ပြောင်တင်းတင်း ပြုလုပ်ခဲ့ကြောင်း၊ ယင်းကြောင့် နိုင်ငံသားအခွင့်အရေး ဆုံးရှုံးနစ်နာနေမှုကို အမြန်ဆုံးဖြေရှင်းပေးရန် တောင်းဆိုကြောင်း အဆိုပါ ပေးပို့ထားသည့်စာတွင် ရေးသားထားကြောင်း သိရသည်။

“ရဲချုပ်ရဲ့သတင်းစာရှင်းပွဲမှာ သူကိုယ်တိုင်ပြောသွားတာရှိတယ်။ အရပ်ဘက်တွေကို မသုံးပါဘူး။ ရဲကိုယ်တိုင်က မသုံးဘူး။ အဲဒီလူတွေကို ထိထိရောက်ရောက် အရေးယူမယ်လို့ပြောတယ်။ အဲဒီတော့ ဗဟန်းရဲစခန်းမှူးက ဒါကို ဦးတိုက်လျှောက်ပြီးတော့ တိုင်ထားတယ်လို့ ပြောတယ်။ ဒါပေမဲ့ဘယ်ပုဒ်မနဲ့ ဘယ်သူတွေကို တိုင်ထားတယ်ဆိုတာမျိုးခုထိ ပွင့်လင်းမြင်သာမှုမရှိဘူး” ဟု မခင်စန္ဒာက ဆက်လက်ပြောကြားသည်။

ထိုသို့ ဦးတိုက်လျှောက်တရားစွဲဆိုထားသည်ဟု ဆိုသော်လည်း ထမင်းဝအောင်စားထားဆိုသည့် အမှုကဲ့သို့ပင် ဖြစ်သွားမည်ကို စိုးရိမ်ကြောင်း၊ စစ်ပွဲရပ်ဟုဆိုရာတွင်လည်း စစ်တိုက်သည့်နှစ်ဖက်စလုံးကို ပြောခြင်းဖြစ်ကြောင်း၊ စစ်ပွဲများ ရပ်တန့်ရေးအတွက် တောင်းဆိုမှုများကို ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းသူများက ပြောကြားသည်။

Most Read

Most Recent