စွပ်စွဲထားမှုများ အကျုံးမဝင်ကြောင်းနှင့် အမှုများချေဖျက်ပေးရန် ပြည်နယ်တရားလွှတ်တော်သို့ လျှောက်ထားမှု အကောင်းဆုံး ဆုံးဖြတ်ပေးနိုင်လိမ့်မည်ဟု ထင်မြင်ကြောင်း ပုဒ်မသုံးခုဖြင့် တရားစွဲဆိုခံထားရသော ဒေါက်တာအေးမောင် ပြောကြား

စွပ်စွဲထားမှုများ အကျုံးမဝင်ကြောင်းနှင့် အမှုများချေဖျက်ပေးရန် ပြည်နယ်တရားလွှတ်တော်သို့ လျှောက်ထားမှု အကောင်းဆုံး ဆုံးဖြတ်ပေးနိုင်လိမ့်မည်ဟု ထင်မြင်ကြောင်း ပုဒ်မသုံးခုဖြင့် တရားစွဲဆိုခံထားရသော ဒေါက်တာအေးမောင် ပြောကြား
Published 31 May 2018

ပုဒ်မသုံးခုဖြင့် တရားစွဲဆိုခံထားရသော ဒေါက်တာအေးမောင်အား မေ ၃၀ ရက် ရုံးထုတ်တွင် တွေ့ရစဉ်

စာပေဟောပြောပွဲတွင် ဟောပြောခဲ့မှုကြောင့် ပုဒ်မသုံးခုဖြင့် တရားစွဲဆိုခံထားရသော ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်အား ၁၂ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး ဇွန် ၁၃ ရက်သို့ ပြန်လည်ချိန်းဆိုလိုက်ကြောင်း သိရသည်။

ဒေါက်တာအေးမောင်၏ ရှေ့နေများက အမှုသုံးခုစလုံးကို ချေဖျက်ပေးရန် လျှောက်ထားသဖြင့် တရားလွှတ်တော်က မူလအမှုတွဲကို ခေါ်ယူထားခြင်းဖြစ်ကြောင်းနှင့် နှစ်ဖက်ရှေ့နေများလည်း လျှောက်လဲချက်ပေးပြီးဖြစ်ကြောင်း သိရပြီး ပြည်နယ်တရားလွှတ်တော်က အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခု လုပ်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဒေါက်တာအေးမောင်က ပြောကြားသည်။

“ပြည်နယ်တရားလွှတ်တော်ကလည်း အကောင်းဆုံး ဆုံးဖြတ်ပေးလိမ့်မယ်လို့ ထင်တယ်။ ကျွန်တော်တို့လည်း လွှတ်တော်ကို ရောက်မယ်လို့မျှော်လင့်တယ်။ စွပ်စွဲထားတာတစ်ခုမှ အကျုံးမဝင်ဘူး။ ရခိုင်နဲ့ပတ်သက်လို့ တည်ငြိမ်အေးချမ်းမှု ကျွန်တော်တို့ မျှော်မှန်းတယ်။ မြောက်ဦးကိစ္စကိုလည်း အဆင်ပြေစေချင်တယ်။ ကလေးတွေ ဒဏ်ရာတွေ အများကြီးနဲ့ဖြစ်နေတယ်။ သမ္မတကြီးဘက်က စွဲဆိုထားတာတွေကို ပြန်ရုပ်သိမ်းစေချင်တယ်” ဟု မေ ၃၀ ရက် ရုံးချိန်းတွင် ရုံးထုတ်အပြီးတွင် ပြောကြားသည်။

မကြာခင်ရက်ပိုင်းကလည်း ဒေါက်တာအေးမောင် အနေဖြင့် ကျောက်ကပ်မကောင်းသည့်အတွက် စစ်တွေပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ ဆေးစစ်ဆေးမှုခံယူခဲ့ရကြောင်းနှင့် ဓာတ်မှန်ရိုက်ခဲ့ရကြောင်း သိရသည်။

ထို့ပြင် ဒေါက်တာအေးမောင်က ၁၉၇၃ ခုနှစ် စကားရပ်များအနက် အဓိပ္ပာယ်ဖွင့်ဆိုချက်ဥပဒေတွင် ပြုလုပ်မှုသို့မဟုတ် ပျက်ကွက်မှုတစ်ခုခုသည် ဥပဒေနှစ်ရပ် သို့မဟုတ် နှစ်ရပ်ထက်ပိုသောဥပဒေများအား ပြစ်မှုမြောက်လျှင် ပြစ်မှုကျူးလွန်သူကို ယင်းဥပဒေများအနက် ဥပဒေတစ်ရပ်ဖြင့်သာ တရားစွဲဆို အပြစ်ပေးရမည်။ ပြစ်မှုတစ်ရပ်တည်းအတွက် ပြစ်ဒဏ်တစ်ကြိမ်ထက်ပို၍ မခံစေရဟု မိမိအနေဖြင့် သိရှိထားကြောင်း ပြောကြားသည်။

“ဆင်ခြင်တုံတရားကို ထိန်းညှိပေးတဲ့ တရားရေးမဏ္ဍိုင်ဖြစ်ဖို့ လိုလည်းလိုတယ်။ ဆန္ဒလွတ်လပ်သော ဘက်လိုက်မှုကင်းသော တရားစီရင်ရေးမဏ္ဍိုင်ဖြစ်ဖို့ ကြိုးစားနေကြတာတွေ့လို့ အင်မတန်ဝမ်းသာတယ်။ အဲဒီလိုဖြစ်မှ နိုင်ငံရေးအကျဉ်းသားဆိုတာမရှိဖို့၊ ဘာအသံမှ မကြားရတဲ့နိုင်ငံဖြစ်ဖို့ အုပ်ချုပ်နိုင်လေပိုကောင်းလေ။ အခုလိုအချိန်မျိုးမှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးက အင်မတန်လိုအပ်တယ်။ လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းဖို့ လိုတယ်” ဟု ၎င်းက မေ ၂ ရက် ၁၀ ကြိမ်မြောက် ရုံးချိန်းတွင် တရားရုံးမှ ပြန်အထွက် ပြောကြားသည်။ ဒေါက်တာအေးမောင်တို့အား ၁၀ ကြိမ်မြောက် ရုံးချိန်းတွင် စစ်ဆေးခြင်းမရှိခဲ့ကြောင်း၊ ယင်းသို့မစစ်ဆေးခြင်းမှာလည်း ပြည်နယ်တရားလွှတ်တော်က အမှုတွဲတောင်းခံထားသည့်အတွက် မစစ်ဆေးခြင်းဖြစ်ကာ မေ ၁၆ ရက်သို့ ပြန်လည်ချိန်းဆိုလိုက်ပြီး ယင်းနေ့တွင် အမှုတွဲချေဖျက်ရန် တင်ပြထားသည့်အပေါ် စီရင်ချက်ချမှတ်နိုင်ခြေရှိကြောင်း မိသားစုဝင်များက ဆိုသည်။

Most Read

Most Recent