မြန်မာနိုင်ငံမှ တရုတ်သို့ ဆန်၊ သကြား၊ ပြောင်းနှင့် လယ်ယာထွက်ကုန်များ တရားဝင်တင်ပို့နိုင်ရေး နှစ်နိုင်ငံစာချုပ်ပါ အချက်အလက်များ ပြင်ဆင်ဆောင်ရွက်နေပြီး တစ်လအတွင်း အကောင်အထည်ဖော်နိုင်မည်ဟု ဆို

မြန်မာနိုင်ငံမှ တရုတ်သို့ ဆန်၊ သကြား၊ ပြောင်းနှင့် လယ်ယာထွက်ကုန်များ တရားဝင်တင်ပို့နိုင်ရေး နှစ်နိုင်ငံစာချုပ်ပါ အချက်အလက်များ ပြင်ဆင်ဆောင်ရွက်နေပြီး တစ်လအတွင်း အကောင်အထည်ဖော်နိုင်မည်ဟု ဆို
Published 31 May 2018

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းအား တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်၊ သကြား၊ ပြောင်းနှင့် အခြားလယ်ယာထွက်ကုန်များ တရားဝင်တင်ပို့နိုင်ရေး လက်ရှိအချိန်တွင် နှစ်နိုင်ငံစာချုပ်ပါ အချက်အလက်များကို ပြင်ဆင်မှုဆောင်ရွက်နေပြီး တစ်လအတွင်း အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ပြောကြားသည်။

“အခုက စာချုပ်ပြင်ဆင်နေတာပေါ့နော်။ စာချုပ်က ဒီဘက်က လိုအပ်တာတွေ ပြည်တွင်းမှာရှိတဲ့ လုပ်မယ့်သူတွေနဲ့ ချပြဆွေးနွေးတယ်။ ဒီဘက်ပြင်ဆင်ချင်တာ ဟိုဘက်ပြန်ပို့တယ်။ ဟိုဘက်ကပြင်တဲ့ဟာကို ဒီဘက်ပြန်ပို့တယ်။ အဲဒီလိုညှိနေတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ ဒါကတော့ သိပ်မကြာပါဘူး။ တစ်လလောက်အတွင်းမှာ ပြီးသွားမှာ” ဟု ဦးတိုးအောင်မြင့်က ပြောကြားသည်။

တရုတ်သို့ မြန်မာနိုင်ငံမှ ဆန်၊ သကြား၊ ပြောင်းနှင့် အခြားလယ်ယာထွက်ကုန်များ တရားဝင်တင်ပို့နိုင်ရန် ယူနန်ပြည်နယ်အစိုးရနှင့် နားလည်မှုစာချွန်လွှာ ရေးထိုးမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် အဆိုပါပို့ကုန်နှင့် ညီမျှသော တရုတ်ကုန်ပစ္စည်းများ ပြန်လည် တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။

“ဟိုဘက်ဒီဘက် ဘယ်လိုပေါ့။ ပုံစံကတော့ Counter Trade ပေါ့။ ဒါက ဒီဘက်က ပို့တဲ့ဟာကို စာရင်းမှတ်ထားမယ်။ အဲဒီ တန်ဖိုးနဲ့ညီမျှတဲ့ ကိုယ်လိုချင်တဲ့ပစ္စည်း ပြန်ဝယ်” ဟု ဦးတိုးအောင်မြင့်က ဆိုသည်။

လက်ရှိအချိန်တွင် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး၌ မြန်မာနိုင်ငံဘက်မှ တရားဝင်တင်ပို့နေသော်လည်း တရုတ်နိုင်ငံဘက်မှမူ တရားဝင် သတ်မှတ်ထားခြင်း မရှိသဖြင့် မကြာခဏဆိုသလို ဖမ်းဆီးမှုများ ပြုလုပ်လေ့ရှိသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံအကြား နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရေးအတွက် G to G နားလည်မှုစာချွန်လွှာ ရေးထိုးမည့် အစီအစဉ်တွင် ဆန်၊ သကြား၊ ပြောင်း စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်သည်များ၏ သဘောထားအမြင်များကို ကုန်သည်စက်မှုအသင်းချုပ်၌ မေ ၂၄ ရက်တွင် တွေ့ဆုံဆွေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ နားလည်မှုစာချွန်လွှာတွင် မြန်မာနိုင်ငံဘက်မှ ဆန်၊ သကြား၊ ပြောင်းနှင့် အခြားလယ်ယာထွက်ကုန်များကို တရုတ်နိုင်ငံဘက်သို့ တင်ပို့နိုင်မည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် အဆိုပါ ပို့ကုန်တန်ဖိုးနှင့် ညီမျှသော တရုတ်နိုင်ငံဘက်မှ လယ်ယာစိုက်ပျိုးရေးသုံးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် သံနှင့် သံမဏိပစ္စည်းများအား ပြန်လည်တင်သွင်းနိုင်မည်ဖြစ်သည်။

နားလည်မှုစာချွန်လွှာကို သက်ဆိုင်ရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ကုန်သည် စက်မှုအသင်းချုပ်တို့မှ သဘောထား မှတ်ချက်ခံယူခဲ့ပြီး မူကြမ်းပြုစုထားကြောင်း သိရသည်။

မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရ၊ ကူမင်းပြည်သူ့အစိုးရတို့အကြား ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နှစ်နိုင်ငံ G to G လက်မှတ် ရေးထိုးမည့် နားလည်မှုစာချွန်လွှာဖြစ်ကြောင်း သိရသည်။

Most Read

Most Recent