ကုန်းတွင်းမုန်တိုင်းငယ် နောက် ၁၂ နာရီအတွင်း အားလျော့သွားမည်ဟု မိုးဇလခန့်မှန်း

ကုန်းတွင်းမုန်တိုင်းငယ် နောက် ၁၂ နာရီအတွင်း အားလျော့သွားမည်ဟု မိုးဇလခန့်မှန်း
Published 30 May 2018

ဓာတ်ပုံ - မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသော မုန်တိုင်းငယ်သည် မုန်တိုင်းငယ် (Deep Depression) သည် ရခိုင်ကမ်းရိုးတန်းကို အမ်းမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီးနောက် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ဆက်လက်တည်ရှိနေပြီး နောက် ၁၂ နာရီအတွင်း အားလျော့သွားမည်ဟု ခန့်မှန်းရကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ် (Land Depression) ဖြစ်ပေါ်နေစဉ် (၃၀.၅.၂၀၁၈) ရက်နေ့မှ (၃၁.၅.၂၀၁၈) ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းနှင့် ဒေသအလိုက် မိုးကြီးခြင်းများ ဖြစ်ပေါ်ခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် တစ်နာရီလျှင် (၃၅)မိုင်နှုန်းအထိ လေပြင်းများ တိုက်ခတ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

ကုန်းတွင်းမုန်တိုင်းငယ် (Land Depression) ၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှု အန္တရာယ်ကို လည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် မိုးဇလမှ အကြံပြုထားသည်။

Most Read

Most Recent