ရိုက်တာသတင်းထောက် နှစ်ဦး၏ ဖုန်းနှစ်လုံးကို ရဲတပ်ဖွဲ့က အီလက်ထရွန်နစ်ပစ္စည်းများ သယ်ပို့သည့်အခါ အသုံးပြုသော အထူးအိတ် တစ်မျိုးအား အသုံးမပြုဘဲ စာအိတ်ဖြင့် ချိပ်ပိတ်ပေးကြောင်း CID ရဲမှူး ထွက်ဆိုခဲ့ဟု စွပ်စွဲခံရသူများ၏ရှေ့နေ ပြောကြား

ရိုက်တာသတင်းထောက် နှစ်ဦး၏ ဖုန်းနှစ်လုံးကို ရဲတပ်ဖွဲ့က အီလက်ထရွန်နစ်ပစ္စည်းများ သယ်ပို့သည့်အခါ အသုံးပြုသော အထူးအိတ် တစ်မျိုးအား အသုံးမပြုဘဲ စာအိတ်ဖြင့် ချိပ်ပိတ်ပေးကြောင်း CID ရဲမှူး ထွက်ဆိုခဲ့ဟု စွပ်စွဲခံရသူများ၏ရှေ့နေ ပြောကြား
Published 30 May 2018

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးအမှု မေ ၂၉ ရက်က မြောက်ပိုင်းခရိုင် တရားရုံးတွင် (၂၂) ကြိမ်မြောက်ရုံးထုတ်စဉ် (ဓာတ်ပုံ - ကြည်နိုင်)

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးထံမှ သိမ်းဆည်းရမိသော ဖုန်းနှစ်လုံးကို ရဲတပ်ဖွဲ့က အီလက်ထရွန်နစ်ပစ္စည်းများ သယ်ပို့သည့်အခါ အသုံးပြုသော အထူးအိတ်တစ်မျိုးကို အသုံးမပြုဘဲ စာအိတ်ဖြင့် ချိပ်ပိတ်ပေးကြောင်း CID ရဲမှူး ထွက်ဆိုခဲ့ဟု စွပ်စွဲခံရသူများ၏ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က မေ ၂၉ ရက်တွင် ပြော ကြားသည်။

မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ ဥပဒေဖြင့် တရားစွဲဆိုခံထားရသော ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး အမှုကို မေ ၂၉ ရက်က မြောက်ပိုင်းခရိုင် တရားရုံးတွင် (၂၂) ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး ရုံးချိန်းတွင် နေပြည်တော် ရဲမှုခင်းတပ်ဖွဲ့၊ နည်းပညာမှုခင်းဌာနမှ ရဲမှူးအောင်ကျော်ဆန်းသည် တရားလိုပြ သက်သေအဖြစ် ဆက်လက် စစ်ဆေးခဲ့သည်။

တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က “ဒီနေ့ ကျွန်တော်တို့ စီအိုင်စီက နည်းပညာ ကျွမ်းကျင်သူ ရဲမှူးအောင်ကျော်ဆန်းကို စစ်ဆေးဖြစ်တယ်။ စစ်ဆေးတဲ့အခါမှာတော့ သူက ကွန်ပျူတာနဲ့ ပတ်သက်ပြီးတော့ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်တစ်ခုက ဘွဲ့ရခဲ့တဲ့သူ မဟုတ်ဘူး။ နောက်တစ်ခါ စွပ်စွဲခံရသူတွေရဲ့ တယ်လီဖုန်းတွေကို ယူလာတဲ့အခါမှာ ရဲတပ်ဖွဲ့ကနေပြီးတော့ စာအိတ်နဲ့ ချိပ်ပိတ်ပြီးပေးတယ်။ ဒီဟာက အီလက်ထရွန်နစ်ပစ္စည်းတွေကို သယ်ပို့တဲ့အခါမှာ အထူးအိတ်တစ်မျိုးနဲ့ ပို့ရတယ်။ အဲဒီဟာကို သူတို့မသုံးခဲ့ဘူး ဆိုတာကို ရုံးတော်မှာ ထွက်ဆိုထားတယ်။ သူပြောတာတော့ ဒီအိတ်သည် နှစ်ဒေါ်လာလောက်တန်တယ်။ အဲဒါကြောင့်မို့ သူတို့မသုံးဘူးဆိုတဲ့ သဘောမျိုးပြောတာ။ ဘယ်လိုပဲဖြစ်ဖြစ် ရဲတပ်ဖွဲ့က ပို့လိုက်တာ၊ စက္ကူအိတ်နဲ့ ပို့လိုက်တာ အဲဒီအခြေအနေမျိုးမှာ ဒီဟာသည် အချက်အလက်တွေ သတင်းစကားတွေ ဒီဖုန်းထဲကို အချိန်နဲ့တစ်ပြေးညီ ဝင်လာနိုင်တယ်။ သူတို့နည်းပညာဌာနကို မရောက်ခင်အချိန် အထိမှာ တခြားအချက်အလက်တွေ ပြုပြင်ပြောင်းလဲလို့ ရတယ်ဆိုတဲ့ အနေအထားမျိုးမှာ တွေ့ရတယ်” ဟု ပြောကြားသည်။

ယင်းကဲ့သို့ အထူးစီမံထားသော အိတ်များဖြင့် ယူမလာသော ဖုန်းများထဲသို့ မက်ဆေ့ချ်များ ဝင်နေသည့် အနေအထားမျိုးရှိကြောင်း၊ ထောက်ကြန့်ရဲစခန်းမှ နည်းပညာဌာနသို့ ပစ္စည်းများ လွဲပြောင်းသည့်အခါ မည်သူက မည်သည့်အချိန်တွင် လွှဲပြောင်းသည်ဆိုသော မှတ်တမ်းမျိုးကိုလည်း ရုံးတော်ကို မတင်ပြနိုင်ခဲ့ဘဲ စီအိုင်ဒီ နည်းပညာအဖွဲ့က စစ်ဆေးရာတွင် မည်သူက မည်သည့် အချိန်တွင် စစ်ဆေးပြီး မည်ကဲ့သို့ ကိုင်တွယ်သည်ကိုလည်း သက်သေထင်ရှား မပြနိုင်ခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်၏ ပြောကြားချက်အရ သိရသည်။

 

Most Read

Most Recent