မုန်တိုင်းငယ် အရှိန်ကြောင့် ပြည်တွင်းလေဆိပ်များမှ လေကြောင်းခရီးစဉ်များနှင့် ရန်ကုန်လေဆိပ်သို့ ဆင်းသက်မည့် ပြည်ပလေကြောင်း ခရီးစဉ်အချို့ နောက်ကျခြင်းများ ဖြစ်ပေါ်ခဲ့

မုန်တိုင်းငယ် အရှိန်ကြောင့် ပြည်တွင်းလေဆိပ်များမှ လေကြောင်းခရီးစဉ်များနှင့် ရန်ကုန်လေဆိပ်သို့ ဆင်းသက်မည့် ပြည်ပလေကြောင်း ခရီးစဉ်အချို့ နောက်ကျခြင်းများ ဖြစ်ပေါ်ခဲ့
Published 30 May 2018

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် အရှိန်ကြောင့် ပြည်တွင်းလေဆိပ်များမှ လေကြောင်းခရီးစဉ်များနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်မည့် ပြည်ပလေကြောင်း ခရီးစဉ်အချို့ နောက်ကျခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်အရှိန်ကြောင့် မေ ၂၉ ရက်က ပြည်တွင်းလေဆိပ်မြို့ အချို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လေကြောင်းပျံသန်းရန် မြင်ကွင်းရှင်းလင်းမှု မရှိခြင်းကြောင့် ပြည်တွင်းလေကြောင်း ခရီးစဉ်အချို့ နောက်ကျမည်ဖြစ်ကြောင်း လေကြောင်းလိုင်းများမှ သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာအမျိုးသား လေကြောင်းလိုင်းသည် မေ ၂၉ ရက်က မြစ်ကြီးနားလေဆိပ်တွင် မိုးရွာသွန်း၍ တိမ်နိမ့်လျက်ရှိပြီး လေယာဉ်အရှေ့မြင်ကွင်းမှာ မိုင်ဝက်ခန့်သာ တွေ့မြင်ရသဖြင့် လေယာဉ်ပျံသန်းရန် မသင့်လျော်သောကြောင့် ခရီးသည်များ အန္တရာယ်ကင်းရှင်းစေရန် ခရီးစဉ်အချို့ အနည်းငယ် နောက်ကျမည်ဖြစ်ကြောင်း အသိပေးချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ မြစ်ကြီးနားလေဆိပ်တွင် မိုးရွာသွန်းမှုကြောင့် လေကြောင်းခရီးစဉ် ပျံသန်းရန် မသင့်လျော်သောကြောင့် ရန်ကုန်-မြစ်ကြီးနား-ရန်ကုန်ခရီးစဉ် UB 501 နှင့် UB 502 တို့ Flight Delay ဖြစ်မည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။ အဆိုပါ ခရီးစဉ် Delay ဖြစ်သည့်အတွက် ရန်ကုန်- မြိတ်-ရန်ကုန် UB 303/UB 304 နှင့် ရန်ကုန် -ထားဝယ်-ကော့သောင်း-ရန်ကုန် UB 315/UB 316 ခရီးစဉ်များလည်း အနည်းငယ် နောက်ကျမည် ဖြစ်ကြောင်းနှင့် ထို့အတွက် လေယာဉ်အစားထိုးပေးရန် စီစဉ်နေကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ပြည်တွင်းလေကြောင်းလိုင်း တစ်ခုဖြစ်သည့် Air KBZ လေကြောင်းလိုင်းမှ ပျံသန်းနေသည့် လေဆိပ်မြို့များဖြစ်သည့် ညောင်ဦး၊ မန္တလေး၊ သံတွဲနှင့် စစ်တွေမြို့များမှ ရန်ကုန်မြို့သို့ ပျံသန်းလာမည့် ခရီးစဉ်အချို့ မိနစ် ၄၀ ခန့် နောက်ကျခဲ့ကြောင်း သိရသည်။

“မနက်ပိုင်း ရန်ကုန်ကထွက်တဲ့ ခရီးစဉ်တွေကတော့ Delay မရှိပါဘူး။ ညောင်ဦး၊ မန္တလေး၊ သံတွဲနဲ့ စစ်တွေမြို့တွေကနေ ညနေဘက် ရန်ကုန်ပြန်ဝင်မယ့် ခရီးစဉ်အချို့တော့ မိနစ် ၄၀ လောက် နောက်ကျနိုင်တယ်လို့ သိရပါတယ်” ဟု Air KBZ လေကြောင်းလိုင်းမှ ဒေါ်အေးမရသာက ပြောကြားသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်ကြောင့် မေ ၂၉ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်မည့် ပြည်ပလေကြောင်းလိုင်းများ ဖြစ်သည့် Bangkok Airways လေကြောင်းလိုင်း အပါအဝင် ပြည်ပလေကြောင်းလိုင်း ခရီးစဉ်အချို့ နောက်ကျမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent